ထိုင်းနိုင်ငံတွင် တက္ကစီ ယာဥ်မောင်းအဖြစ် လုပ်ကိုင်နေသည့် နိုင်ငံခြားသူ (၂) ဦး အဖမ်းခံရ

ထိုင်းနိုင်ငံတွင် တက္ကစီ ယာဥ်မောင်းအဖြစ် လုပ်ကိုင်နေသည့် နိုင်ငံခြားသူ (၂) ဦး အဖမ်းခံရ
By Mr John

ထိုင်းနိုင်ငံတွင် တက္ကစီယာဥ်မောင်းများအဖြစ် အလုပ် လုပ်ကိုင်နေကြစဥ် နိုင်ငံခြားသူ အမျိုးသမီး (၂) ဦး သီးခြားစီး အဖမ်းခံခဲ့ရသည်။ 

နိုင်ငံခြားသူ အမျိုးသမီးတစ်ဦးကို ဆူရတ်ဌာနီပြည်နယ် Koh Phangan တွင် ဖမ်းဆီးခဲ့ပြီး အခြား တစ်ဦးကို ဖူးခက်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ထိုင်းဥပဒေအရ နိုင်ငံတကာ လေယာဥ် မောင်းနှင်ခြင်းမှလွဲပြီး နိုင်ငံခြားသားများကို စက်တပ်ယာဥ် သို့မဟုတ် စက်တပ်မဟုတ်သောယာဥ်များ မောင်းနှင်သည့် အလုပ်အကိုင်နေရာများတွင် ဝင်ရောက်လုပ်ကိုင်ခြင်းအား တားမြစ်ထားသည်။

၂၀၂၄ ခုနှစ် မတ်လ (၇) ရက်နေ့တွင် ဆူရတ်ဌာနီပြည်နယ်မှ လူဝင်မှုကြီးကြပ်ရေး အရာရှိများနှင့် Koh Phangan ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက အသက်(၅၆)နှစ်ရှိ နော်ဝေနိုင်ငံသူ Unni  ကို တက္ကစီမောင်းနေစဥ် ဖမ်းဆီးခဲ့သည်။ 

နော်‌ဝေသူ အမျိုးသမီးကို Koh Phangan ခရိုင်ရှိ Thongsala ဆိပ်ခံတံတားတွင် ဖမ်းဆီးခဲ့ပြီး ၎င်းအား နိုင်ငံခြားသားတစ်ဦး တရားမဝင် အလုပ် လုပ်ကိုင်မှုဖြင့် စွဲချက်တင်ထားသည်။

ထိုအတောအတွင်း ဖူးခက် ရဲတပ်ဖွဲ့မှ အရာရှိများ၊ လူဝင်မှုကြီးကြပ်ရေး ရဲတပ်ဖွဲ့နှင့် Tha Chatchai ရဲစခန်းမှ စုံစမ်းစစ်ဆေး‌ရေးမှူးများက ကာဇက်စတန်နိုင်ငံသူဖြစ်သည့် အသက်(၅၁)နှစ်ရှိ အမျိုးသမီး Yekaterinaကို ကွန်ဒိုမီနီယံတစ်ခုရှေ့တွင် ၂၀၂၄ ခုနှစ် မတ်လ (၆) ရက်နေ့က ဖမ်းဆီးခဲ့ပြီး သူမကိုလည်း အလားတူ ပြစ်မှုဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။

ထိုဖမ်းဆီးမှုများ မတိုင်မီ စုံစမ်းစစ်ဆေးရေးမှူးများက ရုရှားဘာသာစကားဖြင့် ရေးသားဖော်ပြထားသော ဝက်ဘ်ဆိုက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ကြပြီး ထိုဝက်ဘ်ဆိုက်က ဖူးခက်လေဆိပ် အကြိုအပို့ အပါအဝင် ခရီးသွားဝန်ဆောင်မှု အမျိုးမျိုးကို ကမ်းလှမ်းထားသည်။ 

ထိုလုပ်ငန်းကို နိုင်ငံခြားသားများကိုယ်တိုင် လုပ်ကိုင်နေကြကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ယူဆခဲ့ကြပြီး စစ်ဆေးဖော်ထုတ်ရန် ဆုံးဖြတ်ခဲ့သည်။

ဝန်ကြီးချုပ် ဆရတ်သာ သာဗီစင် အစိုးရ၏ မူဝါဒအရ ထိုင်းနိုင်ငံတွင် တရားမဝင် အလုပ် လုပ်ကိုင်နေသော နိုင်ငံခြားသားများကို တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခြင်းမှာ စီးပွားရေးမြှင့်တင်ရန် ခရီးသွားများအတွက် လုံခြုံရေးအစီအမံ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

Source: Khaosod