မြောက်ကိုရီးယား စစ်ရေးပြပွဲတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အရေအတွက် အများဆုံး ထုတ်ဖော်ပြသ

မြောက်ကိုရီးယား စစ်ရေးပြပွဲတွင် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်အရေအတွက် အများဆုံး ထုတ်ဖော်ပြသ
ဖေဖော်ဝါရီ 10, 2023 | နိုင်ငံတကာသတင်း
By Mr John

နျူကလီးယားလက်နက်ပိုင်ဆိုင်ထားသည့် မြောက်ကိုရီးယားနိုင်ငံက ၎င်း၏ ဒုံးကျည်ထုတ်လုပ်မှုစွမ်းအားကို ညအချိန် ပြုလုပ်ခဲ့သည့် စစ်ရေးပြအခမ်းအနားတစ်ခုအတွင်း ထည့်သွင်း ပြသခဲ့ကြောင်း အစိုးရမီဒီယာက ဖေဖေါ်ဝါရီလ (၉) ရက်နေ့တွင် သတင်းဖော်ပြသည်။ 

မြောက်ကိုရီးယားက ယခု စစ်ရေးပြပွဲအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များ Intercontinental Ballistic Missiles (ICBMs) ကို ယခင် ကထက် ပိုမိုထုတ်ဖော်ပြသခဲ့ပြီး လောင်စာခဲသုံး ဒုံးကျည်အသစ်တစ်မျိုးကိုလည်း အရိပ်အမြွက်ပြသခဲ့ကြောင်း သိရသည်။

ကြိုတင်မျှော်မှန်းထားသည့်အတိုင်း မြောက်ကိုရီးယားက ၎င်း၏စစ်တပ် တည်ထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်ရေးပြချီတက်သည့် အခမ်းအနားကို ဖေဖေါ်ဝါရီလ (၉) ရက်နေ့ ညအချိန်တွင် ပြုံးယမ်းမြို့ ကင်မ်အီလ်ဆွန်းရင်ပြင်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ 

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က စစ်ရေးပြပွဲကို ၎င်း၏ဇနီးနှင့် သမီးဖြစ်သူတို့နှင့်အတူ တက်ရောက်ခဲ့သည်။

ကင်မ်ဂျုံအန်က ၎င်း၏အကြီးဆုံးကလေးဖြစ်သည့် သမီးဖြစ်သူကို ယခုနောက်ပိုင်းတွင် အများပြည်သူမြင်ကွင်း၌ ပွဲထုတ်လာခဲ့ပြီး သူမကို မျိုးရိုးစဥ်ဆက် အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်လာသည့် မြောက်ကိုရီးယား၏ အနာဂတ်ခေါင်းဆောင်ဖြစ်နိုင်ခြေရှိသူအဖြစ် အရှုမြင်ထားကြသည်။ 

စစ်တပ်တည်ထောင်မှု (၇၅) နှစ်ပြည့် စစ်ရေးပြချီတက်ပွဲတွင် ပြသခဲ့သည့် ICBMs ဒုံးကျည်များမှာ အကြီးမားဆုံး နျူကလီးယားတိုက်ခိုက်မှုများ လုပ်ဆောင်နိုင်စွမ်းရှိကြောင်း မြောက်ကိုရီးယား အစိုးရသတင်းဌာန KCNA က ဆိုသည်။

ယခု စစ်ရေးပြအခမ်းအနားတွင် ဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့များလည်း ပါဝင်ခဲ့သည်ဟု KCNA က ပြောသည်။ 

မြောက်ကိုရီးယား အစိုးရသတင်းဌာနက ထုတ်ပြန်ခဲ့သည့် စစ်ရေးပြပွဲ သတင်းဓာတ်ပုံများအရ နိုင်ငံ၏ အကြီးမားဆုံး ICBMs ဒုံးကျည်ဖြစ်သည့် 11 Hwasong-17 ဒုံးကျည်များကို ပြသခဲ့သည်ကို တွေ့ရသည်။ 

အဆိုပါ တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်များက အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးရှိ မည်သည့်နေရာကိုမဆို တိုက်ခိုက်နိုင်စွမ်းရှိပြီး နျူကလီးယားထိပ်ဖူး သယ်ဆောင်နိုင်သည်ဟု မြောက်ကိုရီးယားက ပြောထားသည်။

Source: Reuters, CNN

Photo: Korea's Korean Central News Agency