ယူကရိန်းစစ်ပွဲတွင် ဆက်လက် တိုက်ခိုက်နိုင်ရန် ပြတိုက်ထဲထားရမည့် ခေတ်ဟောင်းတင့်ကားများကို ရုရှား ထုတ်သုံးနေ

ယူကရိန်းစစ်ပွဲတွင် ဆက်လက် တိုက်ခိုက်နိုင်ရန် ပြတိုက်ထဲထားရမည့် ခေတ်ဟောင်းတင့်ကားများကို ရုရှား ထုတ်သုံးနေ
By Mr John

ယူကရိန်းစစ်ပွဲတွင် ရုန်းကန်နေရသည့် ရုရှားက စစ်ပွဲကို ဆက်လက်ဆင်နွှဲနိုင်ရန် ဂိုထောင်ထဲသိမ်းထားသော ၎င်း၏ အိုမင်းဟောင်းနွမ်းနေသည့် စစ်ဘက်အသုံးအဆောင်နှင့် ပစ္စည်းကိရိယာများကို ထုတ်သုံးနေကြောင်း သိထားခဲ့ကြသော်လည်း အမျိုးသမီးတစ်ဦး ရိုက်ကူးထားသည့် ဖုန်းဗီဒီယိုတစ်ခုအရမူ ပြတိုက်ထဲ၌သာ မြင်တွေ့နိုင်တော့မည့် ဒုတိယကမ္ဘာစစ်နောက်ပိုင်းကာလမှ အလွန်အိုဟောင်းနေသော တင့်ကားများကိုပါ ထုတ်သုံးနေကြောင်း CNN သတင်းက ဖော်ပြသည်။

အဆိုပါ တင့်ကားများကို တင်ဆောင်လာသော ကုန်တင်ရထားတစ်စီးကို အမျိုးသမီးက ၎င်း၏ ဖုန်းကင်မရာဖြင့် ဗီဒီယိုရိုက်ကူးကာ ဒုတိယမြောက် ရထားဖြစ်ကြောင်း ပြောထားသည်။ 

ထိုအမျိုးသမီးက ဗီဒီယိုကို ၂၀၂၃ ခုနှစ် မတ်လကုန်ပိုင်းတွင် ရုရှားနိုင်ငံတွင်း တစ်နေရာရာ၌ ရိုက်ကူးခဲ့ပုံရပြီး ဆိုဗီယက်ခေတ် တင့်ကားအဟောင်းများကို ကုန်တင်ရထားဖြင့် သယ်ယူပို့ဆောင်နေသည်ကို တွေ့ရသည်။

ဗီဒီယိုတွင် တွေ့ရသည့်တင့်ကားများမှာ T-55 အမျိုးအစားဖြစ်ပြီး ဒုတိယကမ္ဘာစစ်ပြီးနောက် မကြာမီ ၁၉၄၈ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စု၏ တပ်နီတော်က စတင်အသုံးပြုခဲ့ကြောင်း သိရသည်။ 

ထိုတင့်ကားအမျိုးအစားမှာ အလွန် အိုမင်းဟောင်းနွမ်းနေပြီဖြစ်ပြီး ပြတိုက်များထဲတွင်သာ မြင်တွေ့နိုင်သည်ဟု ဆိုသည်။ 

"ဒီဟာက စစ်အေးခေတ်မှာ ဆိုဗီယက်ပြည်ထောင်စုက အသုံးပြုခဲ့တဲ့ ပထမဆုံး အဓိက တိုက်ပွဲဝင် တင့်ကားအမျိုးအစား ဖြစ်ပါတယ်" ဟု အင်္ဂလန်နိုင်ငံ ကမ်းဘရစ်ချ်မြို့ Duxford ကျေးရွာရှိ Imperial War Museum (IWM) ပြတိုက်မှ အကြီးတန်း ပြတိုက်မှူး သမိုင်းပညာရှင် John Delaney က CNN ကို ပြောသည်။

ဆိုဗီယက် တပ်နီတော်က T-55 တင့်ကားများကို မူကွဲအမျိုးမျိုး ထုတ်လုပ်ခဲ့ကြောင်းလည်း သိရသည်။ 

နောက်ပိုင်း အဆိုပါ တင့်ကားမှာ ကမ္ဘာတဝန်း အကျယ်ပြန့်ဆုံး ထုတ်လုပ်သည့် တင့်ကားအမျိုးအစား ဖြစ်လာခဲ့ပြီး အစီးရေ (၁၀၀,၀၀၀) ကျော် ထုတ်လုပ်ထားခဲ့သည်။ 

T-55 တင့်ကားများမှာ ဈေးသက်ခြင်း၊ ယုံကြည်စိတ်ချရခြင်း၊ အသုံးပြုရန် လွယ်ကူခြင်းနှင့် ပြုပြင်ထိန်းသိမ်းရန် လွယ်ကူခြင်းတို့ကြောင့် အီဂျစ်မှ တရုတ်၊ ဆူဒန်အထိ အဓိက စစ်ဘက်အသုံးအဆောင်ဖြစ်ခဲ့ပြီး ထိုနိုင်ငံများတွင် အသုံးပြုနေဆဲ ဖြစ်သည်။

ဂြိုဟ်တုဓာတ်ပုံများအရ ရုရှားနိုင်ငံ၏ အရှေ့ဘက်စွန်းပိုင်း Arsenyev မြို့ရှိ အခြေစိုက်စခန်းတစ်ခု၏ ဂိုဒေါင်မှ ဒါဇင်နှင့်ချီသည့် တင့်ကားများကို ထုတ်ယူသွားခဲ့ကြောင်း တွေ့ရသည်။ 

ထိုအခြေစိုက်စခန်းတွင် သိမ်းထားသော တင့်ကားများအနက် T-55 တင့်ကားလည်း ပါဝင်ကြောင်း သိရသည်။ 

"ဒီတင့်ကားတွေက အဲဒီမှာ ဆယ်စုနှစ်တစ်ခုကြာ ဒါမှမဟုတ် အဲဒီထက်ပိုကြာကြာ သိမ်းထားခဲ့တာပါ။ ဒါတွေကို ကောင်းကောင်းမွန်မွန် ပြန်အသုံးပြုနိုင်ဖို့ အများကြီးလုပ်ဖို့ လိုလိမ့်မယ်" ဟု Delaney က ပြောသည်။

အနောက်အုပ်စု အစိုးရအရာရှိများက ၂၀၂၃ ခုနှစ် ဧပြီလအတွင်း CNN ကို ပြောကြားမှုအရ ယူကရိန်းစစ်ပွဲ ရှေ့တန်းစစ်မျက်နှာတွင် ရုရှား၏ သက်တမ်းရင့် တင့်ကားအဟောင်းများကို တွေ့ရသည်ဟု ဆိုသည်။ 

ရုရှားကမူ T-55 တင့်ကားများကို ရှေ့တန်းသို့ ပို့ဆောင်နေခြင်းနှင့် ပတ်သက်၍ အတည်ပြုထားခြင်းမရှိဘဲ CNN သတင်းဌာနက ဆက်သွယ်မေးမြန်းမှုကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အကြောင်းမပြန်ခဲ့ဟု သိရသည်။

သို့သော် မကြာသေးမီ သီတင်းပတ်များအတွင်း ရုရှားအစိုးရကို လိုလားသည့် ဘလော့ဂါများက ယူကရိန်းနိုင်ငံရှိ ရုရှားသိမ်းပိုက်ထားသော နယ်မြေများတွင် ထိုတင့်ကားများ ဖြန့်ကျချထားသော ဓာတ်ပုံများကို မျှဝေခဲ့ကြသည်။ 

နယ်သာလန်အခြေစိုက် ထောက်လှမ်းရေးဝက်ဘ်ဆိုက် Oryx ၏ အဆိုအရ ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက်ပိုင်း ရုရှားတင့်ကား (၁,၉၀၀) ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် ထိုအရေအတွက်မှာ ရုရှားက စစ်ပွဲတွင် ကနဦး အသုံးပြုခဲ့သည့် တင့်ကားအစီးရေ (၃,၀၀၀) ၏ သုံးပုံနှစ်ပုံနီးပါးဖြစ်ကြောင်း သိရသည်။



Source: CNN