တရုတ်နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဦးဆောင်ခဲ့သူ တရားရေးဝန်ကြီးဟောင်းကို လာဘ်ပေး လာဘ်ယူမှုဖြင့် ထောင်ဒဏ်ချ

တရုတ်နိုင်ငံတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဦးဆောင်ခဲ့သူ တရားရေးဝန်ကြီးဟောင်းကို လာဘ်ပေး လာဘ်ယူမှုဖြင့် ထောင်ဒဏ်ချ
စက်တင်ဘာ 23, 2022 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင် တရားရေးဝန်ကြီးဟောင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဦးဆောင်ခဲ့သူ Fu Zhenghua ကို လာဘ်ပေးလာဘ်ယူမှုဖြင့် ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။ 

၎င်းက ပုဂ္ဂိုလ်ရေးအကျိုးအမြတ်အတွက် ယွမ်ငွေ (၁၁၇) သန်း (အမေရိကန်ဒေါ်လာ ၁၄.၇ သန်း) တန်ဖိုးရှိ လက်ဆောင်များနှင့် ငွေသားကို လက်ခံရယူခဲ့မှုအတွက် အပြစ်ရှိကြောင်း ဇူလိုင်လအတွင်း ဝန်ခံထွက်ဆိုခဲ့သည်။

စက်တင်ဘာလ (၂၂) ရက်နေ့တွင် တရုတ်အရှေ့မြောက်ပိုင်း Jilin ပြည်နယ်၏မြို့တော် Changchun မြို့ရှိ တရားရုံးတစ်ရုံးက Fu Zhenghua ကို သေဒဏ်ချမှတ်ထားမှုအား ပြစ်ဒဏ်လျှော့ပေါ့၍ ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ 

၎င်းကို သေဒဏ်ချမှတ်ပြီးနောက် (၂) နှစ်အကြာတွင် ပြစ်ဒဏ်လျှော့ပေါ့လိုက်ခြင်းလည်း ဖြစ်သည်။

တရားရေးဝန်ကြီးဟောင်းနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ဦးဆောင်ခဲ့သူ Fu Zhenghua ကို ထောင်ဒဏ်မချမီ ယခုသီတင်းပတ်အတွင်းကလည်း အခြား ပြည်နယ်ရဲတပ်ဖွဲ့အရာရှိ (၃) ဦးကို ပြစ်ဒဏ်များချမှတ်ခဲ့သေးကြောင်း သိရသည်။ 

၎င်းတို့ (၄) ဦးလုံးမှာ လာဘ်ပေးလာဘ်ယူမှုဖြင့်သာမက သမ္မတရှီကျင့်ဖျင်ကို သစ္စာမရှိမှုဖြင့်လည်း စွပ်စွဲခံခဲ့ကြရသည်ဟု ဆိုသည်။

ယခုပြစ်ဒဏ်ချခ့ရသူ (၄) ဦးက နောက်ထပ် လုံခြုံရေးပိုင်းဆိုင်ရာ ခေါင်းဆောင်တစ်ဦးဖြစ်သူ Sun Lijun ဦးဆောင်သည့် နိုင်ငံရေးအုပ်စုတွင် ပါဝင်ခဲ့ကြကြောင်း စွပ်စွဲခံရသည်။ 

Sun Lijun မှာလည်း ၎င်းအား ပြစ်ဒဏ်ချမှတ်မှုကို စောင့်ဆိုင်းနေရသူ ဖြစ်သည်။ 

Sun Lijun က အခြား လုံခြုံရေးပိုင်းဆိုင်ရာ အရာရှိများကို ရာထူးတိုးရန် ကူညီပေးခြင်းဖြင့် ၎င်း၏ ကိုယ်ပိုင်းနိုင်ငံရေးအုပ်စုတစ်ခု ထူထောင်ခဲ့သည်ဟု ဆိုသည်။

လာမည့်လတွင် ကျင်းပပြုလုပ်မည့် တရုတ်ကွန်မြူနစ်ပါတီ၏ အရေးပါသည့် ညီလာခံမတိုင်မီ အစိုးရအရာရှိများကို ရုတ်တရက် စစ်ဆေးဖြိုခွင်းမှုများ လုပ်ဆောင်နေစဥ် Fu Zhenghua နှင့် ပြည်နယ်ရဲအရာရှိ (၃) ဦးကို ပြစ်ဒဏ်စီရင်လိုက်ခြင်းလည်း ဖြစ်သည်။ 

တရုတ်နိုင်ငံ၏ အာဏာရ ကွန်မြူနစ်ပါတီက (၅) နှစ်တစ်ကြိမ် ပါတီညီလာခံ ကျင်းပပြုလုပ်ပြီး ယခုအကြိမ်တွင် သမ္မတရှီကျင့်ဖျင်ကို သမိုင်းတွင်မည့် တတိယမြောက် သမ္မတသက်တမ်း ဆက်လက် တာဝန်ယူစေမည်ဟု ခန့်မှန်းရပြီး ၎င်း၏အာဏာ ပိုမိုတည်မြဲလာမည်ဟု ဆိုသည်။

Source: BBC