ကလေးများ၏ ကျောင်းကျောပိုးအိတ်က ၎င်းတို့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ကြောင်း ကျွမ်းကျင်သူများ အကြံပြု

ကလေးများ၏ ကျောင်းကျောပိုးအိတ်က ၎င်းတို့ခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ကြောင်း ကျွမ်းကျင်သူများ အကြံပြု
By Mr John

 

လေးလံသည့် ကျောင်းကျောပိုးအိတ်များကို နေ့စဥ် သယ်ဆောင်ရခြင်းက ကလေးငယ်များကြား ကျောရိုးပြဿနာ ဖြစ်စေနိုင်ပြီး ကျောရိုးကွေးကောက်မှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက သတိပေး ပြောကြားသည်။ 

ကလေးတစ်ဦး၏ ကျောင်းကျောပိုးအိတ် အလေးချိန်မှာ ၎င်းခန္ဓာကိုယ်အလေးချိန်၏ (၁၀) ရာခိုင်နှုန်းထက် မပိုသင့်ကြောင်းလည်း ကျွမ်းကျင်သူများက အကြံပြုခဲ့သည်။

ထိုင်းနိုင်ငံတွင် Gr‌ade 2 (Prathom 2) အရွယ် ကလေးများက လေးလံသည့် ၎င်းတို့၏ ကျောပိုးအိတ်ကို နေ့စဥ် ကျောပိုးသယ်ဆောင်သွားနေရမှုအပေါ် စိုးရိမ်ပူပန်ကြောင်း အင်တာနက်သုံးစွဲသူတစ်ဦးက ပြောကြားခဲ့ပြီးနောက် ကျွမ်းကျင်သူများထံမှ သတိပေးမှု ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။ 

ကလေးများ နေ့စဥ် သယ်ဆောင်သွားနေရသည့် ကျောင်းကျောပိုးအိတ်မှာ အလေးချိန် (၄.၅) ကီလိုဂရမ် (၁၀ ပေါင်) ရှိသည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ ဆေးဘက်ဆိုင်ရာဌာန၏ အဆိုအရ ထိုင်းကျောင်းသား/ကျောင်းသူများမှာ အနည်းဆုံး အလေးချိန် (၄) ကီလိုဂရမ်မှ (၆) ကီလိုဂရမ်ရှိ ကျောပိုးအိတ်ကို နေ့စဥ် ကျောင်းသို့ သယ်ဆောင်သွားနေကြရကြောင်း သိရသည်။ 

ထိုအလေးချိန်မှာ ကျောပိုးအိတ်များက ကလေးများ၏ ခန္ဓာကိုယ်အလေးချိန်၏ (၁၀) မှ (၂၀) ရာခိုင်နှုန်းသာရှိသင့်ကြောင်း အကြံပြုထားသည့် ကန့်သတ်ချက်ထက် သိသိသာသာ ပိုများနေသည်ဟု ဆိုသည်။

အလွန်လေးလံသည့် ကျောပိုးအိတ်များက ကလေးများ၏ ကျောရိုးများ ကြီးထွားဖွံ့ဖြိုးမှုကို ခြိမ်းခြောက်နိုင်ပြီး အဟန့်အတား ဖြစ်စေနိုင်ကြောင်း ဆေးဘက်ဆိုင်ရာဌာန လက်ထောက် အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Nutthapong Wongwiwat က ပြောသည်။ 

ထိုသို့သော နောက်ကျောရိုး ပြဿနာများကို တားဆီးကာကွယ်ရန် မိဘများက ကလေးများကို ဘီးတပ်အိတ်များ ပေးသင့်ကြောင်း သို့မဟုတ် ကျောပိုးအိတ်အလေးချိန်ကို ဘေးအန္တရာယ်ကင်းသည့် အလေးချိန်ဖြစ်ရန် ကန့်သတ်ထားသင့်ကြောင်း Lerdsin ဆေးရုံမှ ဒေါက်တာ Adisak Ngamkajornvivat က အကြံပြုခဲ့သည်။

Source: Bangkok Post