အာဏာသိမ်းတပ်က တာချီလိတ်မြို့ရှိ ရီဂျီနားဂေါက်ကွင်းလုပ်ငန်း၏ နှစ်(၂၀)ကျော်ကြာ ဝန်ထမ်းအိမ်ယာအပါအဝင် အဆောက်အဦ(၂၃)လုံးကို ဖယ်ရှားခိုင်းထား

အာဏာသိမ်းတပ်က တာချီလိတ်မြို့ရှိ ရီဂျီနားဂေါက်ကွင်းလုပ်ငန်း၏ နှစ်(၂၀)ကျော်ကြာ ဝန်ထမ်းအိမ်ယာအပါအဝင် အဆောက်အဦ(၂၃)လုံးကို ဖယ်ရှားခိုင်းထား
စက်တင်ဘာ 8, 2022 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့ရှိ ရီဂျီးနားလုပ်ငန်းစု၏ နှစ်(၃၀)လုပ်ကိုင်ခွင့်ရ ရီဂျီးနားဟိုတယ်နှင့်ဂေါက်ကွင်းလုပ်ငန်း ဧရိယာအတွင်း နှစ်ပေါင်း (၂၀)ကျော်ကြာရှိနေသည့် ဟိုတယ်၏ အခြားအဆောက်အဦနှင့်ဂေါက်ကွင်းဝန်ထမ်းအိမ်ရာအပါအဝင်  စုစုပေါင်း အဆောက်အဦး(၂၃)လုံးကို တြိဂံတိုင်းစစ်ဌာနချုပ်က ၂၀၂၂ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့အပြီး အာဏာသုံးပြီး ဖယ်ရှားခိုင်းထားကြောင်း သိရသည်။

ရီဂျီးနားဂေါက်ကွင်းလုပ်ငန်းဧရိယာအား ခြံစည်းရိုးခတ်ရန်အတွက်ဟုဆိုကာ ယခင်ထိုင်းလုပ်ငန်းရှင်လုပ်ကိုင်စဉ်က တည်ဆောက်ပေးထားသည့် ဝန်ထမ်းအိမ်ရာအပါအဝင် အဆောက်အဦများကို  ဖယ်ရှားခိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။

တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက "ဟိုတယ်နှင့် မသက်ဆိုင်တော့သည့်အတွက် ဥပဒေအရ ဖယ်ရှားနိုင်ရေး ဆောင်ရွက်ရန် လိုမယ်"ဟု နှုတ်မိန့်ပေးသည့်အတွက် အဆိုပါ နှုတ်မိန့်အား အလေးထားလိုက်နာရန်အတွက်ဟုဆိုကာ  အမှတ်(၃၃၁)ခြေမြန်တပ်ရင်းက  "တပ်ပိုင်မြေဖြစ်သည့် ဂေါက်ကွင်းမြေဧရိယာအတွင်းမှ မသက်ဆိုင်သည့် အဆောက်အဦများအား ဖယ်ရှားပေးပါရန်"ဟု စာအမှတ် - ၃၃၁/၅၅ ထောက် ၅ ဖြင့် စက်တင်ဘာလ (၅) ရက်နေ့က ညွန်ကြားလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

 

အဆိုပါညွှန်ကြားချက်ကို ၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းက အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့သွားသည့်  တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ်မှ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွှေ့လာသည့် ဗိုလ်ချုပ် နီလင်းအောင်တို့အနက် မည်သူက ညွှန်ကြားသည်ကို မသိရဟု ဆိုသည်။

ယင်းညွှန်ကြားချက်ကြောင့် ရီဂျီးနားလုပ်ငန်းစု၏  ဟိုတယ်နှင့်ဂေါက်ကွင်းလုပ်ငန်းဧရိယာအတွင်း နှစ်ပေါင်း (၂၀)ကျော်ကြာ ဆောက်လုပ်ထားသည့် ဝန်ထမ်းများအတွက် လူနေအိမ်(၁၉)လုံးနှင့် လုပ်ငန်းသုံး အဆောက်အဦး (၄)လုံး  စုစုပေါင်း (၂၃)လုံးကို ဖယ်ရှားကြရမည်ဖြစ်ကြောင်း သိရသည်။

 

"ကျွန်မတို့ သိရသလောက်ကတော့ ရီဂျီးနားရဲ့ ဂေါက်ကွင်းနဲ့ဟိုတယ်ရဲ့ ဝန်ထမ်းတွေ နေကြတာ နှစ်(၂၀)ကျော်ပြီ။ တချို့အိမ်တွေဆိုရင် မိသားစု (၃)(၄)စု ပေါင်းနေကြတာရှိသလို နှစ်တော်တော်ကြာကြာကို နေနေကြတဲ့ လူတွေများတယ်။ ကြားတာကတော့ ဂေါက်ကွင်းကို လုပ်ပိုင်ခွင့်ရသွားတဲ့ဘက်က တပ်ရဲ့ အင်အားကိုယူပြီး ခြံစည်းရိုးခတ်ဖို့ စိုင်းပြင်နေတယ်လို့ ကြားတယ်။ နောက်ပြီး လုပ်ပိုင်ခွင့် သက်တမ်း မကုန်သေးဘဲ ဂေါက်ကွင်းကို တပ်က ပြန်သိမ်းပြီး နယ်ခံမဟုတ်တဲ့ တပ်နဲ့နီးစပ်တဲ့ လူကို လုပ်ပိုင်ခွင့်ပေးလိုက်တော့  ဂေါက်ကွင်းမှာလည်း ဖရိုဖရဲတွေ ဖြစ်သွားတယ်။ ဝန်ထမ်းတော်တော်များများ ထွက်သွားရတယ်။ အဲဒီနေရာမှာ တပ်က လူတွေကို ခန့်ထားတာလည်း တွေ့တယ်"ဟု အမည်မဖော်လိုသည့် ဒေသခံ တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်တွင် အာဏာသိမ်းပြီးနောက်ပိုင်း အိမ်ခန်းငှားခဈေးနှုန်းမြင့်တက်လာသဖြင့် ဂေါက်ကွင်းအိမ်ရာမှ ပြောင်းရွှေ့ရမည့်ဝန်ထမ်းများမှာ အခက်အခဲဖြစ်နေကြသည်ဟု သိရသည်။

"အဲဒီနေရာမှာက နေလာတာကြာနေပြီဆိုတော့ ကိုယ်ပိုင်အိမ်မရှိကြဘူး။ ဒီလုပ်ငန်းကိုပဲ မှီခိုပြီးနေကြပြီးတော့ ဒီအလုပ်ပဲ လုပ်နေကြတာ။ အခု သူတို့လည်း ဖယ်ပေးရမယ်ဆိုတာကြားတော့ အတော် စိတ်မကောင်းဖြစ်နေကြတယ်။ ဘယ်ကို အကူအညီတောင်းရမလဲ မသိဘူးဖြစ်နေကြတယ်။ သူတို့ကလည်း ဒီနေရာကို အပိုင်ယူကြမှာ မဟုတ်ဘူး။ ဆက်နေနိုင်ဖို့ပဲ လိုတာပေါ့။ တာချီလိတ်မှာကလည်း သိတဲ့အတိုင်း အိမ်ခန်းငှားခက ဈေးကြီးသလို အခန်းငှားတွေကလည်း နေရာအလွတ် သိပ်မရှိတော့ဘူး။ သူတို့တွေ အတော်လေး အခက်တွေ့နေကြတယ်။ စစ်တပ်က ဘယ်သူမှလည်းမနေနဲ့ ငါတို့လည်းမနေဘူး။ ခြံစည်းရိုးခတ်မယ်ဆိုတဲ့ အထာမျိုး လုပ်နေတာ။ တလောကလည်း သူတို့ပိုင်တဲ့ ဧရိယာဆိုပြီး အလံနီတွေ ထောင်နေကြတာ တွေ့ရသေးတယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။

တာချီလိတ်မြို့တွင်း အချက်အချာကျသည့်နေရာတွင်ရှိနေသည့် ရီဂျီနားဟိုတယ်နှင့် ဂေါက်ကွင်းအပါအဝင် ရှမ်းရိုးမကုန်တိုက်တို့အား စစ်တပ်က ထိုင်းလုပ်ငန်းရှင်အား နှစ် (၃၀)စာချုပ်ဖြင့် ငှားရမ်းပေးထားရာ လုပ်ကိုင်ခွင့်ပြည့်ရန် (၈)နှစ်ကျော်လိုသေးသော်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက် ပြန်လည်သိမ်းယူလိုက်ပြီး ၎င်းတို့နှင့်နီးစပ်သည့် လုပ်ငန်းရှင်များအား လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းဖြစ်သည်။

လုပ်ကိုင်ခွင့် သက်တမ်းမပြည့်သေးဘဲ ထိုင်းလုပ်ငန်းရှင်ထံမှ ပြန်သိမ်းယူလိုက်သည့် ရီဂျီးနားဂေါက်ကွင်းအား အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မိသားစုနှင့် အနီးစပ်ဆုံးဖြစ်သည့်   ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင်ကို လုပ်ကိုင်ခွင့် ပေးလိုက်ပြီးနောက် ရီဂျီးနားဂေါက်ကွင်း၏ အမည်ကို  တြိဂံဒေသတိုင်းစစ်ဌာနချုပ် စိုက်ရာ ကျိုင်းတုံမြို့ရှိ စစ်တပ်ပိုင် ဂေါက်ကွင်းဖြစ်သည့် "ရွှေတြိဂံဂေါက်ကွင်း"နှင့် အမည်ဆင်တူ "မဟာရွှေတြိဂံ ဂေါက်ကလပ်"ဟု အမည်ပြောင်းလိုက်ကာ လူဟောင်းများကို ထုတ်ပယ်ပြီး စစ်တပ်မှလူများကို ခန့်ထားကြောင်း သိရသည်။

" အသစ်ခန့်ထားတဲ့ဝန်ထမ်းတွေက တပ်ထွက်တွေဆိုတော့ ပြောရဆိုရ မကောင်းဘူး။ လူမှုရေး အထူအပါး နားမလည်ကြဘူး။ အဲဒီတော့ အရင်ဝန်ထမ်းတွေလည်း မခံနိုင်တော့ ထွက်ကုန်ပြီ။ တချို့လည်း ထုတ်ခံရတာပေါ့။ မြက်ရိတ်သမားတွေနဲ့ ဂိတ်စောင့်တွေကအစ ကယ်ရီတွေအဆုံး တော်တော်များများလည်း ထွက်ကုန်ကြပြီ"ဟု ဂေါက်သီးအားကစားသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အမှတ်(၃၃၁)ခြေမြန်တပ်ရင်းက ၎င်းတို့အပိုင်ဟုဆိုသည့် ရီဂျီးနားဟိုတယ်လုပ်ငန်း၏ မြေဧရိယာမှာ (၆.၆၁) ဧက၊ အားကစားရုံအနီးရှိ ဂေါက်လေ့ကျင့်ရေးကွင်း၏ မြေဧရိယာမှာ (၃.၁၂)ဧကနှင့် ဂေါက်ကွင်း ဧရိယာ (၁၃၉.၁၉)ဧက စုစုပေါင်း  (၁၄၉.၁၂) ဧကအနက်  ဂေါက်ကွင်းဧရိယာဖြစ်သည့် (၁၃၉.၁၉)ဧကကို ခြံစည်းရိုးခတ်မည်ဟု ဆိုသည်။

ရီဂျီးနားဂေါက်ကွင်း လုပ်ကိုင်ခွင့်ရထားသည့် ဦးအောင်မျိုးမင်းဒင်သည် ကျိုင်းတုံရှိ  ဟော်နန်းနေရာတွင် ဖွင့်လှစ်ထားသည့် ကျိုင်းတုံဟိုတယ်(  Amazing Keng Tung Resort  )ကိုလည်း   နှစ်ရှည်စာချုပ်ဖြင့် လက်လွှဲရယူထားသူဖြစ်သည်။

အာဏာသိမ်းစစ်အုပ်စုက ရီဂျီးနားဂေါက်ကွင်းနှင့် ရှမ်းရိုးမကုန်တိုက်နေရာကို  ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၃၁)ရက်နေ့က  ထိုင်းလုပ်ငန်းရှင်ထံမှ သက်တမ်းမပြည့်ဘဲ ပြန်သိမ်းယူလိုက်ပြီး ဂေါက်ကွင်းကို ဦးအောင်မျိုးမင်းဒင်အား လည်းကောင်း၊ ရှမ်းရိုးမကုန်တိုက်ကို BLF ကုမ္ပဏီသို့ လည်းကောင်း လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် အဓိက အချက်အချာကျသည့်နေရာများမှ ဧကအများအပြားကို  စစ်တပ်က တပ်ပိုင်မြေအဖြစ်  သတ်မှတ်ထားပြီး ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား(၁) ထိပ်ရှိ တပ်ကုန်းဟု အများခေါ်သည့် တြိဂံကုန်း၊ ရီဂျီးနား ဟိုတယ်၊ ဂေါက်ကွင်း၊ ရှမ်းရိုးမကုန်တိုက်အပါအဝင် တပ်ပိုင်မြေငှားရမ်းခများကို စစ်တပ်က အကျိုးအမြတ်ရှာကာ ရယူနေခြင်းဖြစ်သည်။