တာချီလိတ်ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၁) ဦး ထပ်မံသေဆုံး၍ တစ်နေ့တည်း သေဆုံးသူ (၂)ဦး ရှိနေ

တာချီလိတ်ဆေးရုံတွင် ကုသမှုခံယူနေသည့် COVID 19 အတည်ပြုလူနာ (၁) ဦး ထပ်မံသေဆုံး၍ တစ်နေ့တည်း သေဆုံးသူ (၂)ဦး ရှိနေ
ဇူလိုင် 18, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ပြည်သူ့ဆေးရုံဟောင်း COVID 19 ကုသဆောင်မှ အတည်ပြုလူနာအမျိုးသား (၁) ဦး ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ (၁၈) ရက်နေ့ ည (၉)နာရီဝန်းကျင်က သေဆုံးသဖြင့် ယနေ့တစ်နေ့အတွင်း COVID 19 အတည်ပြုလူနာ (၂) ဦး သေဆုံးသွားပြီဖြစ်သည်။

တာချီလိတ်မြို့ ဆေးရုံဟောင်းမှ COVID 19 ကုသရေး Center တွင် ကုသမှုခံယူနေသည့် ဆီးချိုရောဂါအခံရှိသူ အသက် (၆၅)နှစ်အရွယ် အတည်ပြုလူနာအမျိုးသား (၁) ဦး နေ့လယ်ပိုင်းတွင် သေဆုံးသွားပြီးနောက် ည (၉)နာရီဝန်းကျင်တွင် နောက်ထပ် အသက်(၆၃)နှစ်အရွယ် အမျိုးသားလူနာ (၁) ဦး ထပ်မံသေဆုံးသွားခြင်းဖြစ်သည်။



 

သေဆုံးသွားသည့် အတည်ပြုလူနာများအား တာချီလိတ်နာရေးကူညီမှုအသင်းက COVID 19 ကာကွယ်ရေးနည်းလမ်းများနှင့်အညီဆောင်ရွက်၍ သယ်ဆောင် သင်္ဂြိုလ်ပေးထားသည်ဟု သိရသည်။ 

COVID 19 တတိယလှိုင်းအတွင်း တာချီလိတ်မြို့တွင် အတည်ပြုလူနာတွေ့ရှိမှုမှာ ဇူလိုင်လ (၁၈) ရက်နေ့ တစ်နေ့တာအတွင်း (၁၆၉)ဦးရှိသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၇၀၅) ဦးရှိနေသည့်အနက် မိုးကုတ်ဝိပဿနာရှိ ကုသဆောင်မှ ယနေ့ ဆေးရုံဆင်းသူ (၂၄) ဦး အပါအဝင် စုစုပေါင်းဆေးရုံဆင်းခွင့်ရသူ (၁၆၉) ဦးရှိကာ သေဆုံးသူ (၂) ဦးရှိနေခြင်းဖြစ်သည်။

တာချီလိတ်မြို့တွင် နေ့စဉ်အတည်ပြုလူနာဦးရေတိုးလာနေသဖြင့် အတည်ပြုလူနာများမှ ရောဂါလက္ခဏာမရှိသူများနှင့် မပြင်းထန်သူများ ( ဖျားနာ ချောင်းဆိုး၊ အနံ့မရ)သူများကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၊ ဝမ်လုံးနှင့် အားကစားရုံတို့တွင် ဖွင့်လှစ်ထားသည့်  COVID ကုသရေးစင်တာများသို့ ပို့ဆောင်ကာ ရောဂါလက္ခဏာပြင်းထန်သူများကို ဆေးရုံဟောင်းသီးသန့်ကုသဆောင်၌ ထားရှိကုသပေးနေသည့်အပြင် အတည်ပြုလူနာများတွေ့ရသည့် 1G1 Hotel၊ ဟိုတယ်တာချီလိတ်ရှိ DAT Bar ၊ ရွှေဗူးသီးဟိုတယ်တို့တွင်လည်း အတည်ပြုလူနာဝန်ထမ်းများကို ထားရှိကုသပေးနေခြင်းဖြစ်သည်။

#TachileikNewsAgency

Photo: တာချီလိတ်နာရေးကူညီမှုအသင်း