အာဏာသိမ်းကာလအတွင်း တစ်စိတ်ပဲ့သွားတဲ့ တာချီလိတ်မြို့ရဲ့ ရှမ်းရိုးမကွင်း

အာဏာသိမ်းကာလအတွင်း တစ်စိတ်ပဲ့သွားတဲ့ တာချီလိတ်မြို့ရဲ့ ရှမ်းရိုးမကွင်း
ဧပြီ 23, 2022 | ရှမ်းရှေ့

တချီလိတ်မြို့တွင် ဒေသခံများ၏ ဘာသာရေးနှင့် ပွဲလမ်းသဘင်များ၊ အထိမ်းအမှတ်ပွဲတော်များ ကျင်းပရာတွင် အသုံးပြုသည့် ရှမ်းရိုးမကွင်းတစ်ခုလုံး၏ လေးပုံ တစ်ပုံ အကျယ်အဝန်းကို  အာဏာသိမ်းစစ်ကောင်စီတပ်နှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်သည့် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ဖဲ့ယူလိုက်သည့်အတွက် ရှမ်းရိုးမကွင်း၏ အကျယ်အဝန်းမှာ လေးပုံ သုံးပုံသာ ကျန်ရှိတော့သည့် အခြေအနေ ဖြစ်နေပြီး ဒေသခံများစုပေါင်း ဆွမ်းလောင်းသည့် နေရာကိုလည်း ဖယ်ရှားရမည့် အခြေအနေ ဖြစ်နေပြီဟု ဒေသခံများထံမှ သိရသည်။

"ရှမ်းရိုးမကုန်တိုက်ကို လုပ်ကိုင်ခွင့်ရတဲ့ကုမ္ပဏီကို ဒီဖက် ရှမ်းရိုးမကွင်းရဲ့ လေးပုံ တစ်ပုံကိုလည်း ယာဉ်ရပ်နားကွင်းအတွက်ဆိုပြီး စစ်တပ်က ဖဲ့ပေးလိုက်တာလို့ ကြားတယ်။ အဲဒီတော့ ဆွမ်းလောင်းတဲ့နေရာလည်း ပျောက်သလို၊ အဲဒီမှာရှိတဲ့ အလင်းရောင်ပရဟိတအသင်းရုံးလည်း ဖယ်ပေးရမယ့် အခြေအနေရှိပေမဲ့ ဘယ်တော့ ဖယ်ပေးရမယ်ဆိုတာကတော့ ပြောသံမကြားသေးဘူး။ ကွင်းထဲမှာတော့ ဒီရက်ပိုင်းကစပြီး ခြံစည်းရိုးတိုင်တွေ စိုက်ပြီး ကာတာတွေ စလုပ်နေတယ်"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ပြောသည်။

ထိုင်းလုပ်ငန်းရှင်ထံ စစ်အုပ်စုမှ နှစ်ရှည်ကြာ ငှားရမ်းပေးထားသည့် ရှမ်းရိုးမကုန်တိုက်နှင့် ရီဂျီးနားဂေါက်ကွင်းအား  ငှားရမ်းမှု သက်တမ်းမပြည့်သေးဘဲ ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ၏ နောက်ဆုံးပတ်က ပြန်လည်သိမ်းလိုက်ပြီး ရှမ်းရိုးမကုန်တိုက်နေရာကို စစ်အုပ်စုနှင့်အကျိုးတူအဖြစ် BLF ကုမ္ပဏီကို လုပ်ကိုင်ခွင့်ပေးလိုက်ခြင်း ဖြစ်ကြောင်းသိရသည်။

အာဏာသိမ်းစစ်တပ်က ရှမ်းရိုးမကုန်တိုက်နေရာကို ဈေးဝယ်စင်တာ၊ ကာစီနိုများပါသည့် ဟိုတယ်နှင့်  လူနေ (၂)ထပ် ဆိုင်ခန်းများတည်ဆောက်ရန် ၎င်းတို့နှင့်နီးစပ်သည့် တာချီလိတ် - မယ်ဆိုင် မြို့နယ်အဆင့်နယ်ခြားကော်မတီ(TBC) ဆက်ဆံရေး စကားပြန်   ဦးဘိုလေး၏  BLF COMPANY LIMITED ကို အကျိုးတူလုပ်ကိုင်ခွင့်ပေးကာ အဆိုပါလုပ်ငန်းအတွက် စစ်အုပ်စုပိုင် အင်းဝဘဏ်၏ ချေးငွေပါ ရရှိထားသည်ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

အဆိုပါ ရှမ်းရိုးမကွင်းသာယာရေးအတွက်  ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က တာချီလိတ်မြို့မှ လုပ်ငန်းရှင် စေတနာရှင်များ စုပေါင်းထည့်ဝင်ငွေများဖြင့် ပြုပြင်မှုများကို ဆောင်ရွက်ခဲ့ကြသေးသည်။  

"ရှမ်းရိုးမကုန်တိုက်ကိုလည်း NLD လက်ထက် စစ်တပ်လက်ထဲကနေရယူပြီး မြို့တော်ခန်းမလိုမျိုးလုပ်နိုင်ဖို့ NLD အမတ် ကိုခင်မောင်တင့်တို့က ကြိုးပမ်းတာတွေရှိတယ်လို့ကြားတယ်။ အာဏာသိမ်းလိုက်တော့  ရှမ်းရိုးမကုန်တိုက်ကို အခုလိုလုပ်လိုက်တဲ့အပြင် ရှမ်းရိုးမကွင်းထဲကပါ ဖဲ့ယူလိုက်တာပေါ့။ သူတို့ ကားပါကင်နေရာယူလိုက်တဲ့အထဲ ရှမ်းရိုးမကွင်းထဲ တရားပွဲလုပ်ရင် စတိတ်စင်ဆောက်တဲ့နေရာအထိ ပါသွားတယ်။ အခုလို လုပ်လိုက်တော့ တစ်ချိန်က ရှမ်းရိုးမကွင်းအတွက် ဒေသလူတွေ လုပ်ငန်းရှင်တွေ စုပေါင်းပြီး ငွေတွေထည့်ကြ၊ ပြုပြင်ခဲ့ကြရတာတွေက အခုတော့ အလကားဖြစ်သွားသလိုပဲ။ မြို့ထဲမှာ အများပြည်သူသုံးလို့ရတဲ့ ကျယ်ကျယ်ဝန်းဝန်းနေရာက ဒီကွင်းပဲရှိတော့တာ။ ခုတောင် ဒါက စစ်တပ်နဲ့အကျိုးတူ ပူးပေါင်းတဲ့အထဲ ပါသွားတယ်ဆိုတော့ ဒါဟာ မဖြစ်သင့်တဲ့ကိစ္စလို့ မြင်မိတယ်။ ပွင့်လင်းမြင်သာ ချပြလုပ်ကိုင်ဖို့လိုတယ်။ ခေတ်အခြေအနေကို အခွင့်အကောင်းယူလုပ်တာပေါ့"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းရိုးမကုန်တိုက်သည် စစ်အုပ်စု၏ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း ( Myanmar Economic Corporation - MEC ) ပိုင်ဖြစ်သော်လည်း ရှမ်းရိုးမကွင်းမှာ အစိုးရစီမံပိုင်ခွင့်ရှိသော မြေနေရာဖြစ်သည့်အတွက် အဆိုပါကွင်းအတွင်း တရားပွဲ အပါအဝင် ပွဲလမ်းသဘင်များ ကျင်းပလိုပါက တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ခွင့်ပြုချက်ဖြင့် လုပ်ဆောင်ရသည့်နေရာဖြစ်သည်။ 

ရှမ်းရိုးမကွင်းအတွင်းမှ ဖဲ့ယူထားသည့် ရှမ်းရိုးမကုန်တိုက်နှင့် နီးသည့်အခြမ်းကို BLF ကုမ္ပဏီ၏ လုပ်ငန်းအတွက် ကား/ဆိုင်ကယ် ရပ်နားရန် နေရာအဖြစ် အသုံးခွင့်ရရှိထားသည်ဟုသိရပြီး လက်ရှိတွင် အဆိုပါနေရာကို ကာရံနေပြီဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့လယ်ရှိ  ရှမ်းရိုးမကွင်းသည် အစိုးရ၏ စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေနေရာဖြစ်ပြီး ဘာသာရေးပွဲ၊ နှစ်သစ်ကူးပွဲတော်များ၊ အများပြည်သူနှင့်ဆိုင်သည့် အခမ်းအနားများ အပြင် ညဈေးဖွင့်လှစ်ခြင်းများကို စည်ပင်သာယာရေးဌာနထံ အခွန်အခပေးဆောင်၍ အသုံးပြုနေကြခြင်းဖြစ်၍ ရှမ်းရိုးမကွင်းမြေနေရာနှင့်ပတ်သက်၍ တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနကို Tachileik News Agency အနေဖြင့် ဆက်သွယ်မေးမြန်းသော်လည်း ဆက်သွယ်၍ မရပေ။