တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်းကို ငှားရမ်းထားသည့် သက်တမ်းမပြည့်ဘဲ ထိုင်းလုပ်ငန်းရှင်ထံမှ အာဏာသိမ်း စစ်တပ်က ပြန်သိမ်း 

တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်းကို ငှားရမ်းထားသည့် သက်တမ်းမပြည့်ဘဲ ထိုင်းလုပ်ငန်းရှင်ထံမှ အာဏာသိမ်း စစ်တပ်က ပြန်သိမ်း 
ဖေဖော်ဝါရီ 8, 2022 | ရှမ်းရှေ့

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် အာဏာသိမ်းစစ်တပ်ပိုင်မြေရှိ ရီဂျီးနားဂေါက်ကွင်းကို ထိုင်းလုပ်ငန်းရှင်အား နှစ်(၃၀) အငှားချထားပေးရာမှ သက်တမ်းမစေ့သေးဘဲ အာဏာသိမ်းတပ်က ပြန်လည် သိမ်းယူလိုက်ကြောင်း သိရသည်။

ဂေါက်ကွင်းကို ပြန်ယူသွားတယ်။ ဒီလ (၁)ရက်နေ့ကစပြီး သူတို့(စစ်တပ်)လူကြီးတွေပဲ ကိုင်တယ်။ လုပ်ငန်းရှင်ဖက်အပိုင်းက ဂေါက်ကွင်းထဲက ပစ္စည်းတွေကို (၃၁)ရက်နေ့အပြီး အကုန်ရွှေ့ပေးရတယ်။ ဂေါက်ကွင်းဝန်ထမ်းအငယ်တွေကိုတော့ သူတို့ ဆက်ခန့်ထားတယ်။ လစာကိုတော့ ကျပ်နဲ့ပေးမယ်လို့ ပြောသံကြားတယ်

ဟု အမည်မဖော်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

အာဏာသိမ်းစစ်အုပ်စုက ထိုင်းလုပ်ငန်းရှင်အား ရီဂျီးနားဂေါက်ကွင်းနှင့်  ရှမ်းရိုးမကုန်တိုက်တို့အား နှစ် (၃၀)စာချုပ်ဖြင့် ငှားရမ်းပေးထားရာ စာချုပ်သက်တမ်းပြည့်ရန် (၈)နှစ်ကျော်လိုသေးသော်လည်း အာဏာသိမ်းအုပ်စုက ဂေါက်ကွင်းနှင့် ရှမ်းရိုးမကုန်တိုက်နေရာကို ပြန်သိမ်းယူလိုက်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ နောက်ဆုံးထား လွှဲပြောင်း ဖယ်ရှားပေးရန် အမိန့်ပေးလာသည့်အတွက် ဖယ်ရှားပေးလိုက်ရကြောင်း သိရသည်။

ပြန်လည်သိမ်းယူလိုက်သည့် ဂေါက်ကွင်းနေရာအား လက်ရှိတွင် အာဏာသိမ်းတပ်က ဝင်ရောက်လုပ်ကိုင်လာသည်ကို တွေ့နေရပြီး ရှမ်းရိုးမကုန်တိုက်ကိုမူ စစ်တပ်နှင့် နီးစပ်သည့် အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးမည်ဟု သတင်းများထွက်ပေါ်နေပြီး ဂေါက်ကွင်းတွင် ဂေါက်ကွင်းဝန်ထမ်းများ အလုပ်မှနှုတ်ထွက်နေကြကြောင်း သိရသည်။

ဂေါက်ကွင်းဝန်ထမ်းတွေ အလုပ်ထွက်ကုန်တာလဲ များတယ်။ ထပ်ထွက်ဖို့လဲရှိတယ်လို့ ကြားတယ်။ ဂေါက်အိတ်ထမ်းတဲ့ ဝန်ထမ်းတွေလည်း ထွက်ကုန်လို့ လူသစ်တွေတောင် သင်တန်းပေးပြီး ပြန်ခေါ်နေတယ်လို့လည်း ကြားတယ်။ ဂေါက်ကွင်းက သူတို့ လက်ထဲရောက်မှ စုတ်ပြတ်ကုန်မှာ သေချာတယ်။ သူတို့ ပြန်သိမ်းတာနဲ့ ပတ်သက်ပြီး ဒီဂေါက်ကွင်းကို အေးဆေးလွှဲပြောင်းကြောင်း လုပ်ခိုင်းတယ်လို့လည်း ကြားတယ်

ဟု ဒေသခံတစ်ဦးက ပြောသည်။

တာချီလိတ်မြို့တွင်း အချက်အခြာကျသည့်နေရာတွင် ကျယ်ကျယ်ဝန်းဝန်းရှိနေသည့် အာဏာသိမ်းစစ်တပ်ပိုင်မြေပေါ်တွင် Regina Resort Casino နှင့် Golf Club ကို စစ်တပ်က ထိုင်းလုပ်ငန်းရှင် နှစ်(၃၀) အငှားစာချုပ်ဖြင့် လုပ်ကိုင်ခွင့်ပေးခဲ့ပြီး  စစ်တပ်လက်အောက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက မှတ်ချက်ဖြင့် ခွင့်ပြုပေးနိုင်သည့် ကာစီနိုလုပ်ငန်းလုပ်ကိုင်ခွင့်ရ ဟိုတယ်များတွင် တစ်ခု အပါအဝင်ဖြစ်သည်။

အခုလို အခြေအနေကို ကြည့်ရင် စစ်တပ်လက်ထက်မှာ ပြည်ပလုပ်ငန်းရှင်တွေအနေနဲ့ စဉ်းစားစရာ ပိုဖြစ်လာပါတယ်။ ဘယ်အရာမှ အစိုးမရဘူး။ သူတို့ လုပ်ချင်သလို လုပ်တယ်ဆိုတာ ဟိုးအရင်ကတည်းက သိပြီးသားဖြစ်သလို။ အခုလည်း အဲ့လိုပါပဲ။ ဆုံးရှုံးမှုတွေနဲ့ပဲ ကြုံရနိုင်တယ်။ ပြည်သူတွေရဲ့ အသံ နဲ့ ပြည်သူတွေရဲ့ အကျိုးကို မစဉ်းစားကြဘူးလေ။ အဲ့ဒါကြောင့် စစ်အုပ်ချုပ်တာကို ပြည်သူတွေက မကြိုက်တာပေါ့

ဟု လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောဆိုသည်။

ဂေါက်ကွင်းအနီးရှိ Regina Resort Casino ခေါ် ရီဂျီးနားဟိုတယ်ကိုမူ စစ်တပ်က ပြန်လည်လွှဲပြောင်းယူ၊ မယူကို အတည်ပြုနိုင်ခြင်း မရှိသေးပေမဲ့ ဖေဖော်ဝါရီလ(၇)ရက်နေ့ ညပိုင်းက စစ်တပ်မှ ဟိုတယ်ဧရိယာတွင် ဓါတ်ပုံများ လာရိုက်ယူသွားသည်ကို တွေ့ရကြောင်း သိရသည်။

တာချီလိတ်မြို့တွင် အချက်အခြာကျသည့် နေရာများအပါအဝင် နေရာအများအပြားရှိ စစ်တပ်ပိုင်မြေများကို ငှားရမ်းထားပြီး ဟိုတယ်များဆောက်လုပ်ကာ ကာစီနိုလုပ်ငန်းများခွင့်ပြုထားသည်ကို တွေ့ရပြီး   မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁) အနီးရှိ ဒေသအခေါ် တပ်ကုန်းဟုခေါ်သည့် Golden Triangle Mountain Resort မှာလည်း တစ်ခု အပါအဝင်ဖြစ်သည်။

အာဏာမသိမ်းမီက တာချီလိတ်ရှိ တပ်သိမ်းမြေများမှ မည်သည့်လုပ်ငန်းမှ အကောင်အထည်ဖေါ်ခြင်းမရှိသည့်မြေများကို မူလပိုင်ရှင်များထံ ပြန်လည်လွှဲပြောင်းရေးအတွက် NLD အစိုးရက လုပ်ဆောင်ခဲ့ရာ မြေယာအချို့ကို ပြန်လည်စွန့်လွှတ်ခဲ့သော်လည်း တာချီလိတ်စစ်ဗျူဟာတပ်ရှေ့က ရှေ့လမ်းမကြီးကိုကျော်၍ မျက်နှာချင်းဆိုင်မှ မြေများသိမ်းထားခြင်းကို မူလပိုင်ရှင်များထံ ပြန်လွှဲပေးရန် ကြိုးစားမှုမှာ မအောင်မြင်ခဲ့သည်ကို တွေ့ရသည်။

ဆက်စပ်သတင်း

တာချီလိတ်မြို့ရှိ   ရှမ်းရိုးမကုန်တိုက်ကို ငှားရမ်းသူလက်ထဲကနေ စစ်တပ်က သက်တမ်းမစေ့ဘဲ ပြန်သိမ်း၊ အမည်ခံလုပ်ငန်းရှင်တစ်ဦးကို လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေဟု သတင်းထွက်