တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ဝန်းအတွင်း  DAT KTV(Club & KTV )တွင် မကွဲသေးသည့် ချိန်ကိုက်မိုင်း (၂)လုံးတွေ့

တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ဝန်းအတွင်း  DAT KTV(Club & KTV )တွင် မကွဲသေးသည့် ချိန်ကိုက်မိုင်း (၂)လုံးတွေ့
ဧပြီ 30, 2022 | ရှမ်းရှေ့

 မြန်မာ - ထိုင်းနယ်စပ် တာချီလိတ်မြို့ရှိ ဟိုတယ်တာချီလိတ်ဝန်းအတွင်းရှိ DAT KTV(Club & KTV )တွင် ၂၀၂၂ ခုနှစ် ဧပြီလ (၃၀) ရက်နေ့အကူး နံနက်အစောပိုင်းတွင် မကွဲသေးသည့် ချိန်ကိုက်မိုင်းတွေ့ရသဖြင့် DAT KTV(Club & KTV )သို့ လာသူအားလုံးကို ဖုန်းများစစ်ဆေးခံရကြောင်း သိရသည်။

"DAT ဘားမှာဆော့နေရင်း (၂)နာရီခွဲလောက်ကျတော့ ဝိတ်တာက အမှိုက်ပုံးထဲ ဗုံးတွေ့တယ်ပြောတယ်။ အကုန်လုံးကို ဖုန်းတွေစစ်ပြီး အနောက်ပေါက်တံခါးကနေ တစ်ယောက်ချင်းစီကို စစ်ပြီးမှ ပြန်ခိုင်းတယ်။ ကားပါကင်မှာလည်း တွေ့တယ်ပြောတယ်"ဟု အမည်မဖေါ်လိုသူတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ဗုံးတွေ့သည်ဟု သတင်းရချိန်တွင် အဆိုပါ Club & KTV အတွင်း ဧည့်သည်များစွာရှိနေပြီး အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက တစ်ဦးချင်းစီကို စစ်ဆေးမှုများလုပ်ခဲ့သည်ဟု သိရသည်။

"စစ်ဆေးနေတာ ရဲတွေလည်း အများကြီး။ ဘယ်နေရာမှ ဘာသတင်းမှ မထွက်လာဘူး။ ဘယ်လိုများ နှုတ်ပိတ်ထားလဲမသိဘူး" ဟု သတင်းရင်းမြစ်က ဆိုသည်။

 

ယခုလို ဖြစ်စဉ်နှင့် ပတ်သက်၍ လာရောက်စစ်ဆေးမှုများ ပြုလုပ်ပြီး  DAT KTV(Club & KTV )  ဖွင့်လှစ်ထားသည့် ဟိုတယ်တာချီလိတ်၏ ပိုင်ရှင်မှာ စစ်တပ်နှင့်နီးစပ်လွန်းသူဖြစ်၍  အကျိုးစီးပွားထိခိုက်မှု မရှိရန်နှင့် ထိတ်လန့်မှုမရှိရန် ကြိတ်ပြီး ဖြေရှင်းနိုင်ရေး၊ ဗုံးထောင်သူကို ကြိတ်ပြီး ထောင်ဖမ်းနိုင်ရေးအတွက် သတင်းကို မပေါက်ကြားရန် ဖုံးဖိထားဟန်ရှိသည်ဟုလည်း သတင်းရင်းမြစ်များက သုံးသပ်ထားကြသည်။

တာချီလိတ်မြို့တွင် ဧပြီလ (၂၄)ရက်နေ့ကလည်း အာဏာသိမ်းတပ် အမှတ်(၃၃၁)ခြေမြန်တပ်ရင်း၏ ဝင်ပေါက်အနီးရှိ ဟုန်ပန်းကွင်းအတွင်း ဖွင့်လှစ်ထားသည့် 𝗛𝗮𝗿𝗿𝘆 𝗣𝗼𝘁𝘁𝗲𝗿 𝗞𝗧𝗩  တွင် ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ကိုလည်း တွေ့ရပြီး အဆိုပါပစ်ခတ်မှုနှင့်ဆက်စပ်၍ ဖမ်းဆီးရမိသည့် မူးယစ်ဆေးမှုနှင့်ဆက်စပ်ကာ  ရဲတပ်ဖွဲ့ဝင်အများအပြားကို အာဏာသိမ်းတပ်က စစ်ဆေးခြင်းများလုပ်နေသည်ဟုလည်း သိရသည်။