EAOs များအနေဖြင့် NCA အပြီးတွင် လက်နက်ကိုင်လိုပါက စစ်တပ်နှင့် BGF တို့တွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော

EAOs များအနေဖြင့် NCA အပြီးတွင် လက်နက်ကိုင်လိုပါက စစ်တပ်နှင့် BGF တို့တွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု အာဏာသိမ်းစစ်ခေါင်းဆောင်က ပြော
သြဂုတ် 23, 2022 | နိုင်ငံရေး

အာဏာသိမ်းစစ်ခေါင်းဆောင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA အပြီးတွင် ဆက်လက် လက်နက်ကိုင်လိုပါက ၎င်း၏တပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ်(BFG)များတွင် တာဝန်ထမ်းဆောင်ခွင့်ပေးမည်ဟု ဆိုလိုက်သည်။

အာဏာသိမ်းစစ်ခေါင်းဆောင်က ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့တွင် နေပြည်တော်၌ ၎င်း၏လက်အောက်ခံဝန်ကြီးများနှင့်ကျင်းပသည့် အစည်းအဝေးတွင် ၎င်း၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထုတ်ဖေါ်ပြောခဲ့ခြင်းဖြစ်သည်။

"စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ဥပဒေနှင့် ညီညွတ်သည့် လုပ်ငန်းများကို ဆောင်ရွက်နိုင်ရေးအတွက် နိုင်ငံတော်က ကူညီဆောင်ရွက် ပေးမည်ဖြစ်ပြီး လက်နက် ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်တွင် ဝင်ရောက် တာဝန်ထမ်းဆောင်ခြင်း စစ်တပ်၏ လက်အောက်ခံ နယ်ခြားစောင့်တပ်(BGF)များတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့်ပေးမည်ဖြစ်ကြောင်း"ဟု  အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ပြောခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ပြောကြားချက်ကို အာဏာသိမ်းစစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများဖြစ်သည့်  မြန်မာ့အလင်းသတင်းစာနှင့်ကြေးမုံသတင်းစာတွင်လည်း  ၂၀၂၂ခုနှစ် ဩဂုတ်လ(၂၃)ရက်နေ့တွင် ဖော်ပြထားသည်ကို တွေ့ရသည်။

အသက် (၆၆)နှစ်အရွယ်ထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ရယူထားပြီး လက်ရှိတွင် ပြည်သူရွေးချယ်သည့်အစိုးရအား ဖမ်းဆီး၍ အာဏာသိမ်းထားသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်း၏အာဏာသိမ်းမှုကြောင့် ထွက်ပေါ်လာသည့် စစ်အာဏာရှင်တော်လှန်ရေးအင်အားစုများကို ရင်ဆိုင်နေရချိန်တွင် NCA လက်မှတ်ရေးထိုးထားသည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဆွေးနွေးပွဲဖိတ်ခေါ်ခြင်းများ လုပ်နေခြင်းဖြစ်သည်။

အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်နေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း ရှိနေပြီး အချို့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွင်မူ အဆိုပါအစည်းအဝေး တက်၊ မတက်နှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများလည်းရှိနေကြသည်ကို တွေ့ရသည်။

 

ဆက်စပ်သတင်း