ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှု ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ (၂၀၀) ဘီလီယံအထိ စံချိန်တင်နိုင်

ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှု ၂၀၂၃ ခုနှစ်တွင် ဒေါ်လာ (၂၀၀) ဘီလီယံအထိ စံချိန်တင်နိုင်
By Mr John

ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုမှာ ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ (၂၀၀) ဘီလီယံအထိ စံချိန်တင်ပမာဏ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း ရုရှားဝန်ကြီးချုပ်  Mikhail Mishustin က ၎င်း၏ တရုတ်ခရီးစဥ်အတွင်း ပြောကြားခဲ့သည်။

ရုရှားဝန်ကြီးချုပ်၏ တရုတ်ခရီးစဥ်အတွင်း မေလ (၂၄) ရက်နေ့တွင် နှစ်နိုင်ငံ စီးပွားရေးသဘောတူညီများကိုလည်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

ယူကရိန်းကို ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလတွင် ကျူးကျော်ခဲ့မှုကြောင့် အနောက်အုပ်စုနိုင်ငံများက ရုရှားကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်ထားပြီး ရုရှား၏ ကမ္ဘာ့စီးပွားရေး အတော်များများကို ပိတ်ဆို့ထားခဲ့သည်။ 

သို့သော် တရုတ်နိုင်ငံကမူ ရုရှားနိုင်ငံနှင့် မိတ်ဖက်ဆက်ဆံရေးကို ဆက်လက် ထိန်းသိမ်းထားပြီး ယူကရိန်း-ရုရှား ပဋိပက္ခတွင် ကြားနေအဖြစ်သာ ရပ်တည်ခဲ့သည်။ 

အနောက်အုပ်စုနှင့် ရုရှားကြား တင်းမာနေချိန်တွင် တရုတ်က စီးပွားရေးနှင့် နိုင်ငံရေးအရ အခွင့်အရေး ဝင်ယူခြင်းလည်း ဖြစ်သည်။

ယူကရိန်းကို ကျူးကျော်ခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် ရုရှားနှင့် တရုတ်ကြား ကုန်သွယ်မှုမှာ (၃၀) ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ပြီး ဒေါ်လာ (၁၉၀) ဘီလီယံ ဖြစ်ခဲ့ကြောင်းနှင့် အဓိကအားဖြင့် တရုတ်က ရုရှား၏ စွမ်းအင်ကို ဝယ်ယူမှုကြောင့် ဖြစ်သည်။ 

ယခု ၂၀၂၃ ခုနှစ်တွင်လည်း နှစ်နိုင်ငံကြား ကုန်သွယ်မှု ဆက်လက် တိုးမြင့်ခဲ့ပြီး ပထမ (၄) လအတွင်း (၄၁) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း တရုတ်အကောက်ခွန်ဌာန၏ ကိန်းဂဏန်းများအရ သိရှိရသည်။

ဒီနှစ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ ချမှတ်ထားတဲ့ ရည်မှန်းချက်တွေကို ကျွန်တာ်တို့ အောင်မြင်မယ်လို့ ယုံကြည်ထားပြီး ကုန်သွယ်မှု စုစုပေါင်းတန်ဖိုး ဒေါ်လာ (၂၀၀) ဘီလီယံ ရှိလာမယ်

 ဟု ရုရှားဝန်ကြီးချုပ် Mishustin က ရှန်ဟိုင်းမြို့တွင် မေလ (၂၃) ရက်နေ့က ကျင်းပခဲ့သည့် တရုတ်-ရုရှား စီးပွားရေးဆွေးနွေးပွဲတွင် ပြောကြားခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Global Times က ဖော်ပြသည်။ 

တရုတ်နှင့် စွမ်းအင်ကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှုမှာ ရုရှား၏ အကြွင့်းမဲ့ ဦးစားပေးဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။



Source: CNN, Reuters