မြေမြှုပ်မိုင်းတားမြစ်ရန် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များကို ဂျာမနီသံအမတ်ကြီး တိုက်တွန်း

မြေမြှုပ်မိုင်းတားမြစ်ရန် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များကို ဂျာမနီသံအမတ်ကြီး တိုက်တွန်း
နိုဝင်ဘာ 28, 2019
By Tachileik News Agency
မြေမြှုပ်မိုင်းတားမြစ်ရန် အစိုးရနှင့်လက်နက်ကိုင်အဖွဲ့များကို ဂျာမနီသံအမတ်ကြီး တိုက်တွန်း

ရှမ်းပြည်နယ်(မြောက်ပိုင်း)သီပေါမြို့တွင် ဂျာမန်နိုင်ငံသားတစ်ဦး မြေမြုပ်မိုင်းကြောင့် သေဆုံးခဲ့ရပြီးနောက် မြေမြုပ်မိုင်း အသုံးပြုမှုတားမြစ်ရေးအတွက် မြန်မာအစိုးရနှင့်အကွ လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြရန် ဂျာမနီသံအမတ်ကြီးက တိုက်တွန်းလိုက်သည်။

"ရှမ်းပြည်နယ်ရော မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးမှာ မြေမြှုပ်မိုင်းကြောင့် အသက်ဆုံးရှုံးရသူ များစွာရှိနေပါတယ်။ ဒါကြောင့် မြေမြှုပ်မိုင်းအသုံးပြုမှုကို နေရာတိုင်းမှာ တားမြစ်ဖို့ လိုအပ်နေပါတယ်။ မြေမြှုပ်မိုင်း အသုံးပြုမှု တားမြစ်ရေးအတွက် မြန်မာအစိုးရနှင့်တကွ လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော် အထူးပင်မေတ္တာရပ်ခံပါတယ်"ဟု ရှမ်းပြည်နယ်သို့ ရောက်ရှိနေသော ဂျာမနီ သံအမတ်ကြီး သောမတ်စ်နိုင်ဇင်ဂါက ညောင်ရွှေမြို့နယ်တွင် ကျင်းပသော ပွဲတစ်ခုတွင် ပြောကြားခဲ့သည်ဟု နိုဝင်ဘာလ (၂၈)ရက်နေ့တွင် သံရုံးထုတ်ပြန်ချက်၌ ဖေါ်ပြထားသည်။

သီပေါမြို့နယ်၊ ပန်ညောင်ကျေးရွာနှင့် ကွန်ဟောက်ကျေးရွာကြား၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆) ရက်နေ့ နေ့လယ်ပိုင်းတွင် မြေမြုပ်မိုင်းနင်းမိပြီး ဂျာမနီနိုင်ငံသား Tim Geibler သေဆုံးခဲ့ရသဖြင့် ဂျာမနီသံရုံးမှ အထူးဝမ်းနည်းကြောင်း ထုတ်ပြန်ချက်ကို နိုဝင်ဘာလ (၂၈) ရက်နေ့တွင် ထုတ်ပြန်လာခြင်းဖြစ်သည်။

ကျောက်မဲမြို့နယ်အတွင်း ၂၀၁၆ ခုနှစ်၊ ဧပြီလအတွင်းကလည်း ဂျာမန်ခရီးသွားနှင့် ဒေသခံဧည့်လမ်းညွှန် တစ်ဦးတို့မှာ တောင်တက်ခရီးတစ်ခုတွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရခဲ့ဖူးသည့်ဖြစ်စဉ် ရှိခဲ့ဖူးခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ် မှတ်တမ်းများအရ ကမ္ဘာပေါ်တွင် မြေမြုပ်မိုင်းကြောင့် ထိခိုက်ခံစားရမှု စတုတ္ထမြောက် အများဆုံးနိုင်ငံ ဖြစ်နေကြောင်း ၂၀၁၉ ခုနှစ် မြေမြုပ်မိုင်းစောင့်ကြည့်ရေးအဖွဲ့၏ အစီရင်ခံစာတွင် ဖေါ်ပြထားသည်။

ကမ္ဘာ့နိုင်ငံများတွင် မြေမြုပ်မိုင်းဒဏ် ထိခိုက်ခံစားရမှု အမြင့်ဆုံးနိုင်ငံများဖြစ်သည့် အာဖဂန်နစ္စတန်၊ ဆီးရီးယားနှင့် ယီမင်တို့ပြီးလျှင် မြန်မာနိုင်ငံက အများဆုံးဖြစ်နေကြောင်း သိရသည်။

နိုဝင်ဘာလ (၂၆)ရက်နေ့က သီပေါမှ နမ့်ဆန်သို့ ဆိုင်ကယ်ဖြင့် လည်ပတ်ရန်သွားသည့် ဂျာမနီနိုင်ငံသား Tim Geibler နှင့် အာဂျင်တီးနားနိုင်ငံသူ Maria Delcarmen Piombo တို့ (၂)ဦးအနက် မိုင်းနင်းမိသည့် Tim Beibler သေဆုံးခဲ့ကာ Maria Delcarmen Piombo မှာလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ ပစ်ခတ်ခြောက်လှန့်မှုနှင့် ကြုံခဲ့ရခြင်းဖြစ်သည်။

Tachileik News Agency

ဆက်စပ်သတင်း



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~