အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်သည့် ကျာဆော်လမွန်အဖွဲ့သည် အဖွဲ့အစည်းကို ကိုယ်စားမပြုကြောင်း လားဟူဒီမို ကရက်တစ် အစည်းအရုံးက ကြေညာ

ကျာဆော်လမွန် နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဩဂုတ်လ(၂၂)ရက်နေ့က တွေ့ဆုံစဉ်။
ကျာဆော်လမွန် နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဩဂုတ်လ(၂၂)ရက်နေ့က တွေ့ဆုံစဉ်။
အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်သည့် ကျာဆော်လမွန်အဖွဲ့သည် အဖွဲ့အစည်းကို ကိုယ်စားမပြုကြောင်း လားဟူဒီမို ကရက်တစ် အစည်းအရုံးက ကြေညာ

အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူကျင်းပနေသည့် ဒုတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်သည့် ကျာဆော်လမွန် ဦးဆောင်သောအဖွဲ့သည် လားဟူဒီမို ကရက်တစ် အစည်းအရုံး (LDU)ကို ကိုယ်စားမပြုကြောင်းနှင့် အဖွဲ့အမည်အလွဲသုံးစားလုပ်ခြင်းအား ပြင်းထန်စွာရှုံ့ချကြောင်း ၂၀၂၂ ခုနှစ် ဩဂုတ်လ (၂၂)ရက်နေ့တွင် LDU ဥက္ကဌ ကျာဟားက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာသည်။

အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူသည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဩဂုတ်လ (၁၉)ရက်နေ့က ကျင်းပရာ လားဟူလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ဖြစ်သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)မှ ကျာဆော်လမွန်နှင့်အဖွဲ့တို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။

ကျာဆော်လမွန်ဦးဆောင်သောအဖွဲ့အား  LDU အမည်နာမအား အလွဲသုံးစားခြင်း မပြုရန် အကြိမ်ကြိမ်သတိပေးထုတ်ပြန်ပြီးဖြစ်သော်လည်း ထပ်မံအသုံးပြုလာသည့်အပေါ် ပြင်းထန်စွာ ရှုံ့ချ ကန့်ကွက်ကြောင်းနှင့် ၎င်းတို့သည်  ၁၉၇၃ ခုနှစ်ကတည်းက စတင်ဖွဲ့စည်းခဲ့သော လားဟူဒီမို ကရက်တစ် အစည်းအရုံး LDU အားကိုယ်စားမပြုကြောင်း အသိပေးအပ်ပါသည်ဟု ကြေညာချက်တွင် ဖေါ်ပြထားသည်။

ကျာဆော်လမွန်ဦးဆောင်သောအဖွဲ့သည်  လားဟူအမျိူးသားများ စည်းလုံးညီညွတ်ရေးနှင့် ရေရှည်တည်တံခိုင်မြဲသော ငြိမ်းချမ်းရေးဖြစ်စဥ်ကို ရှေးရှုခြင်းမဟုတ်ဘဲ မိမိ၏ ကိုယ်ကျိုးစီးပွားများအတွက် အာဏာသိမ်း စစ်ကောင်စီနှင့်ပူးပေါင်းလုပ်ဆောင်နေခြင်းအပေါ် များစွာရှုံ့ချသည် LDU က ကြေညာချက်တွင် ဖေါ်ပြထားသည့်အပြင် ၎င်းတို့ဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် တုန့်ပြန်သွားမည်ဟုလည်း ပြင်းထန်စွာ သတိပေးထားသည်ကို တွေ့ရသည်။

ယင်းအပြင်  ကျာဆော်လမွန်နှင့်အဖွဲ့ကို စစ်ကောင်စီအစည်းအဝေးတက်ရန် အဖက်ဖက်က ကူညီပံ့ပိုးထောက်ပံ့သည့် မည်သည့်အဖွဲ့အစည်းများကိုလည်း ၎င်းသည် LDU ကိုယ်စားမပြုကြောင်းကို ထပ်မံအသိပေးထားသည်။

ကျာဆော်လမွန် နှင့် အာဏာသိမ်းစစ်ခေါင်းဆောင်တို့ ဩဂုတ်လ(၂၂)ရက်နေ့က တွေ့ဆုံစဉ်။

လားဟူတော်လှန်ရေးအဖွဲ့ LDU အနေဖြင့် လားဟူလူမျိုးအတွက် တန်းတူအခွင့်အရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်  ရရှိနိုင်စေရေးအာဏာရှင်အားဆန့်ကျင်တော်လှန်နေသော  တော်လှန်ရေး အင်အားစုများနှင့်အတူ စစ်မှန်သောဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်နိုင်ရေးအတွက် ပူးပေါင်းလက်တွဲကာ လုပ်‌ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်ကို တွေ့ရသည်။