တာချီလိတ်မြို့တွင် ဓါးထောက်ပြီး လုယက်ရန် ကြိုးစားသူကို ပြည်သူက ဝိုင်းဖမ်းပြီး ရဲလက်အပ်

တာချီလိတ်မြို့တွင် ဓါးထောက်ပြီး လုယက်ရန် ကြိုးစားသူကို ပြည်သူက ဝိုင်းဖမ်းပြီး ရဲလက်အပ်

 ယခင်ကထက် ထင်ထင်ပေါ်ပေါ်  ခိုးဆိုလုယက်မှု ပေါများလာသည့် တာချီလိတ်မြို့တွင်  ဓားထောက်လုယက်မှု ထပ်မံဖြစ်ပွားခဲ့ပြီး တရားခံကို အနီးဝန်းကျင်ရှိ ပြည်သူများက ဝိုင်းဝန်းဖမ်းဆီးပြီး ရဲလက်အပ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ မကာဟိုခမ်းရပ်ကွက်အတွင်း ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးပေါ်  ဘီသုံးလုံးဆေးဆိုင်အနီးတွင် ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၈)ရက်နေ့ ည(၉)နာရီ (၁၀)မိနစ်ဝန်းကျင်အချိန်က ဖြစ်ပွားခြင်း ဖြစ်ကြောင်း သိရသည်။

ဆိုင်ကယ်အား  ရယူရန်အတွက် ပိုင်ရှင်ကို ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ်သော့ တောင်းနေသည်ကို ဘေးအနီးရှိ   အမျိုးသားတစ်ဦးက တွေ့သွားပြီး အနီးဝန်းကျင်ရှိသူများနှင့်အတူ ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့ကြောင်းသိရသည်။

ဖမ်းဆီးရမိသူကို တာချီလိတ်မြို့မရဲစခန်း၏ အချုပ်ခန်းတွင် ထားရှိကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

"တာချီလိတ်က လုံးဝ ပျက်နေပြီ၊ ညပိုင်း ခိုးမှုတွေကနေ  နေ့ပိုင်းတွေမှာပါ လုယက်မှုတွေ အတော်ဖြစ်လာတယ်။ အခုလည်း ဒီဖြစ်စဉ်က တကယ့်မြို့ထဲမှာ ဖြစ်တာ။ အတော်လေး အတင့်ရဲနေကြတယ်။ စစ်တပ်နဲ့ရဲက အာဏာရှင်ကို ဆန့်ကျင်သူ့ကိုပဲ ရအောင်ဖမ်းတာ။  ခိုး ဆိုး လုယက်တွေကိုတော့ ဘေးမဲ့ပေးထားတယ်။ လာတိုင်ကြားသူမရှိလို့ လာတိုင်ကြားသူမရှိလို့ဆိုပြီး ရဲကလည်း အချောင်ခိုနေကြတယ်။ တကယ်လုပ်ရင် ဖြစ်ပါတယ်။ ဒီလိုလူတွေ ဘယ်မှာ ရှိတယ်ဆိုတာကို ရဲကပိုအသိဆုံး၊ ရဲတွေကိုယ်တိုင်က ဝေစား မျှစား လုပ်သလို ဖြစ်နေတဲ့သဘောလို့ပဲ ထင်တယ်"ဟု  ကိုကျော် က ပြောသည်။

တာချီလိတ်မြို့တွင် ပြီးခဲ့သည့်  ဩဂုတ်လ(၁၁)ရက်နေ့ နေ့လည် (၂)နာရီ (၄၈)မိနစ်အချိန်က ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်အကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ် လုယက်ခံရမှုလည်း ဖြစ်ပွားခဲ့သေးသည်။

တာချီလိတ်မြို့တွင် ဆိုင်ကယ်ခိုးမှုများ နှင့် လုယက်မှုများ နေ့စဉ် ဖြစ်ပွားနေခြင်း ဖြစ်သော်လည်း ရဲစခန်းသို့ သွားရောက်တိုင်ကြားမည်ဆိုပါက ရဲစခန်းက လာရောက်အကူအညီတောင်းခံသူကို ပြေပြေလည်လည်ပြောဆိုခြင်းများမရှိဘဲ ခြိမ်းခြောက်ပြောဆိုမှုများပါ ရှိနေ၍ ရဲစခန်းသို့ သွားရောက် အကူအညီတောင်းခံလိုစိတ်မရှိကြဟု ဒေသခံများက ဆိုသည်။