တာချီလိတ်မြို့၏ တရားဥပဒေ စိုးမိုးမှု ယိုယွင်းနေသည့် ဖြစ်စဉ်

 မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့ပေါ်  ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်အကြားတွင် လမ်းလျှောက်လာသည့် အမျိုးသမီးတစ်ဦး၏ ပိုက်ဆံအိတ် လုယက်မှု ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၁)ရက်နေ့ ညနေ (၂)နာရီ (၄၈)မိနစ်အချိန်က ဖြစ်ပွားခဲ့သည်ကို CCTV မှတ်တမ်း အရ တွေ့ရသည်။

ဆန်ဆိုင်း(က)ရပ်ကွက် နှင့် မယ်ခေါင်ရပ်ကွက်အကြားတွင် ဆိုင်ကယ်ဖြင့် delivery  ပို့သည့် အမျိုးသားတစ်ဦးက လမ်းလျှောက်လာသည့် အမျိုးသမီးကို စောင့်ဆိုင်းကာ အလစ်သုတ်ပြီး ပိုက်ဆံအိတ် လုယူသွားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဆိုင်ကယ်ဖြင့် အလုပ်မှ ပြန်လာသည့် အမျိုးသမီးငယ်တစ်ဦးကို ဓါးဖြင့်ထောက်ပြီး ဆိုင်ကယ်လုယက်မှုလည်း ဖြစ်ပွားခဲ့သေးသည်။

တာချီလိတ်မြို့၏ အခြေအနေမှာ အဂတိလိုက်စားမှု နှင့်အတူ ခိုးဆိုးလုယလက်မှုများ ပေါ်များနေဆဲဖြစ်သည့်အပြင် ဒေသခံပြည်သူများအတွက် တရားဥပဒေ စိုးမိုးမှု ယိုယွင်းနေပြီး အမျိုးသမီးများ၏ လုံခြုံရေးမှာ စိုးရိမ်နေရသည့် အခြေအနေဖြစ်ပေါ်နေကို ဒေသတွင်း ခိုးဆိုးလုယက်မှုများဖြစ်ပွားသည့် ဖြစ်စဉ်များအရ သိမြင်နိုင်သည်။

တာချီလိတ်မြို့တွင် ခိုးဆိုးလုယက်မှုများ နေ့စဉ်နီးပါးဖြစ်ပွားနေသော်လည်း အချို့ဖြစ်စဉ်များကို ရဲစခန်းသို့ သွားရောက်တိုင်ကြားသည့်အခါတွင် ရဲစခန်းက တိုင်ကြားသူ၏ ဖုန်းကို သိမ်းဆည်းထားခြင်းများ ပြုလုပ်သလို ရဲစခန်း ဂိတ်စောင့်ကအစ စခန်းအတွင်း တာဝန်ကျသည့် ရဲတပ်ဖွဲ့ဝင်များအထိ လာရောက်တိုင်ကြားသူအပေါ် ဟိန်းဟောက်ခြင်းများ ပြုလုပ်သည့်အတွက် သွားရောက် တိုင်ကြားလိုစိတ်မရှိကြဟု ဒေသခံများ ထံက သိရသည်။