အာဏာသိမ်းစစ်ကောင်စီက နေအိမ်တစ်လုံးချင်းစီ၏ အချက်အလက်များအပြင် နေအိမ်၏ မြေပုံအညွှန်းပါ ကောက်ခိုင်းထား

အာဏာသိမ်းစစ်ကောင်စီက နေအိမ်တစ်လုံးချင်းစီ၏ အချက်အလက်များအပြင် နေအိမ်၏ မြေပုံအညွှန်းပါ ကောက်ခိုင်းထား
ဇူလိုင် 16, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီက မြို့နယ်တိုင်းရှိ ရပ်ကွက်နှင့်ကျေးရွာများမှ နေအိမ် တစ်အိမ်ချင်းစီအလိုက် အချက်အလက်များ ကောက်ခံခြင်းနှင့်အတူ နေအိမ်တစ်လုံးချင်းစီအလိုက် မြေပုံအညွှန်း လတ္တီတွဒ် နှင့် လောင်ဂျီတွဒ် နံပါတ်များပါ သက်ဆိုင်ရာ ရပ်/ကျေးတာဝန်ရှိသူများကနေ တဆင့် ထည့်သွင်း ကောက်ခံခိုင်းထားကြောင်း သိရသည်။

တစ်နိုင်ငံလုံးလားတော့ မသိဘူး။ ရှမ်း(ရှေ့)မှာတော့ လုပ်ခိုင်းထားတယ်။ တစ်အိမ်ချင်းစီရဲ့ တည်နေရာ နံပါတ်က အစ ကောက်ခိုင်းတယ်။ အိမ်ထောင်စု မိတ္တူလည်း ပါရမယ်လို့ ပြောတယ်။  Offline Map ကနေ တစ်အိမ်ချင်းစီရဲ့ လတ္တီတွဒ် နှင့် လောင်ဂျီတွဒ် နံပါတ်တွေ ထည့်ပေးရတယ်။ အမြန်လုပ်ခိုင်းပေမဲ့ ခုထိတော့ အမြန်မလုပ်နိုင်သေးဘူး။ ကျွန်တော်တို့ ရပ်ကွက်ကတော့ မပြီးသေးဘူး လုပ်နေရဆဲပဲ

ဟု တာချီလိတ်မြို့ပေါ်ရပ်ကွက်တစ်ခုမှ အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၆)ရက်နေ့တွင် ပြောသည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းအပြီး (၄)လကျော်အတွင်း ယခုအစီအစဉ်ကို ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရပြီး ယခု အစီအစဉ်နှင့် ပတ်သက်၍ မီဒီယာများထံ ဖြေကြားရှင်းမပြုရန်လည်း အသိပေးထားသည်ဟု သိရသည်။