တာချီလိတ်တွင် တောမီးရှို့မှုများ လျော့ပါးရေးပညာပေးစည်းရုံးမှု ဒီဇင်ဘာတွင် စတင်မည်

တာချီလိတ်တွင် တောမီးရှို့မှုများ လျော့ပါးရေးပညာပေးစည်းရုံးမှု ဒီဇင်ဘာတွင် စတင်မည်
ဒီဇင်ဘာ 16, 2019
By Tachileik News Agency
တာချီလိတ်တွင် တောမီးရှို့မှုများ လျော့ပါးရေးပညာပေးစည်းရုံးမှု ဒီဇင်ဘာတွင် စတင်မည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း တောင်ယာခုတ်ထွင်ရှင်းလင်းပြီး တောမီးရှို့မှုများကြောင့် နှစ်စဉ် မီးခိုးမြူဖုံးလွှမ်းမှုကို ကြုံတွေ့နေရသဖြင့် တောမီးရှို့မှုများ လျော့ကျရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီများက ဦးစီးကာ ဒေသခံများကို ပညာပေးစည်းရုံးမှုကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စတင်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း သိရသည်။

"မနှစ်က အတွေ့အကြုံအရပေါ့။ မနှစ်က ဒီလိုခြောက်သွေ့ရာသီ ရောက်လာပြီဆိုတာနဲ့ တောင်ယာတွေ ရှင်းလင်းတာ။ အပူချိန်တွေ မြင့်တက်လာတဲ့ အချိန်ကျရင် တောမီးလောင်တာတွေက ဖြစ်လာပြီ။ မနှစ်က အတွေ့အကြုံတွေရှိတော့ ဒီနှစ်မှာ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ထားတယ်။ တာချီလိတ်၊ မိုင်းယောင်း၊ မိုင်းဖြတ် မြို့နယ် (၃) မြို့နယ်ရဲ့ မြို့နယ်စီမံခန့်ခွဲမှုကော်မတီတွေကိုလည်း ညွှန်ကြားချက်ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။ ဘာလဲဆိုတော့ ပြည်သူလူထုကို အသိပညာပေး ဟောပြောမှုပေါ့။ ဒါကကြိုတင်ပြင်ဆင်ရမယ့် လုပ်ငန်းမှာ အဓိက ကျပါတယ်။ တောင်ယာမီးရှို့တဲ့ကိစ္စတွေ၊ တောမီးမရှိုဖို့ ကိစ္စတွေကို ဌာနပေါင်းစုံနဲ့ ကွင်းဆင်းပြီးတော့မှ အခုကတည်းက ဟောပြောပွဲတွေ ဆောင်ရွက်ကြဖို့ ညွှန်ကြားထားပြီးဖြစ်ပါတယ်"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ဒီဇင်ဘာလ(၁၆)ရက်နေ့တွင် ပြောသည်။

ကုန်းမြင့်ဒေသဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်း ဒေသတွင် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှု များပြားသဖြင့်  ပွင့်လင်းရာသီတွင် တောင်ယာခုတ်ခြင်း၊ တောမီးရှို့ခြင်း၊ သီးနှံရိတ်သိမ်းပြီးချိန်တွင်လည်း ရိုးပြတ်များကို မီးရှို့ခြင်းများကြောင့် ဒေသတွင်း မီးခိုးမြူဖုံးလွှမ်းမှုကို လပေါင်းများစွာ ကြုံတွေ့ရလေ့ရှိခြင်းဖြစ်သည်။

တာချီလိတ်ခရိုင်အတွင်း မြို့နယ်စီမံခန့်ခွဲမှုကော်မတီများအနေဖြင့် သက်ဆိုင်ရာ သစ်တောဦးစီးဌာန၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနများနှင့် ပူးပေါင်းပြီး တောင်ယာမီးရှို့ခြင်းများ မပြုကြရန် အသိပညာပေးမှုများကို ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။

"တောင်ယာတွေ မခုတ်အောင်လည်း ကျွန်တော်တို့ သက်ဆိုင်ရာဒေသ အုပ်ချုပ်ရေးအဖွဲ့တွေရယ်၊ မြို့နယ်အုပ်ချုပ်ရေး၊ ရပ်ကွက်အုပ်ချုပ်ရေးတွေရယ် ပူးပေါင်းပြီးတော့ တောင်ယာ မခုတ်ဖို့ စာတွေလည်း ထုတ်ထားတယ်။ ကွင်းဆင်းပြီးတော့ စည်းရုံးဟောပြောမှုတွေ လုပ်နေတယ်။ တတ်နိုင်သလောက် မလုပ်ကြဖို့ပေါ့" ဟု သစ်တောဦးစီးဌာန၏ ရှမ်းပြည်နယ်အရှေ့ပိုင်း(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။       

တာချီလိတ်ခရိုင်အတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် တောင်ယာမီးနှင့် မီးခိုးမြူ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနကို ပံ့ပိုးပေးသည့် မီးသတ်ယာဉ်(၂)စီးမှာလည်း ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ရောက်ရှိထားပြီးဖြစ်သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ဒေသတွင်းမှ တောမီးရှို့မှုများအပြင် နယ်နမိတ်ထိစပ်နေသည့် ထိုင်းနိုင်ငံဘက်ခြမ်းတွင်လည်း တောင်ယာအတွက် တောမီးရှို့မှုများ လုပ်ဆောင်လေ့ရှိသဖြင့် နှစ်နိုင်ငံနယ်စပ်ဒေသမှာ မီးခိုးမြူဖုံးလွှမ်းမှုကို ဆိုးရွားစွာကြုံရလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~