"ဝ"အထူးဒေသ (၂) ဟွေအောတွင် သွေးစစ်သည့်ကိရိယာဖြင့် COVID 19 စစ်ဆေးနေ

"ဝ"အထူးဒေသ (၂) ဟွေအောတွင် သွေးစစ်သည့်ကိရိယာဖြင့် COVID 19 စစ်ဆေးနေ
နိုဝင်ဘာ 29, 2020
By Tachileik News Agency
"ဝ"အထူးဒေသ (၂) ဟွေအောတွင် သွေးစစ်သည့်ကိရိယာဖြင့် COVID 19 စစ်ဆေးနေ
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်အတွင်းရှိ “ဝ” အထူးဒေသ (၂) ဟွေအောသို့ ဝင်ရောက်လာသူများကို "ဝ"တာဝန်ရှိသူများက COVID 19 စစ်ဆေးရာတွင် RDT မရှိသဖြင့် သွေးစစ်သည့် test kit များဖြင့် စစ်ဆေးနေကြောင်း သိရသည်။
"အရင်တုန်းကနေ တပ်ကနေပေးထားတာလည်း ရှိတယ်။ ဌာနချုပ်ကလည်းပေးတယ်။ အဲဒါတွေနဲ့ စစ်နေတာ။ နှာခေါင်းတို့ပတ် စစ်တာလား အဲဒါက မရသေးဘူးလေ။ ကျွန်တော်တို့ အခုကတော့ သွေးစစ်တယ်။ အဲဒီလောက်ပဲရှိသေးတယ်"ဟု UWSA၏ တာချီလိတ်ဆက်ဆံရေးရုံးတာဝန်ခံ ဦးဆမ်ပိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၂၉)ရက်နေ့တွင် ပြောသည်။
အခြားဒေသများမှ ဝင်လာသူများကို ဟွေအောမရောက်မီ မိုင်းတုံမြို့အဝင်တွင် ကျန်းမာရေးဦးစီးဌာနက WHO အသိအမှတ်ပြု  RDT ဖြင့် COVID စစ်ဆေးပေးခြင်း၊ COVID 19 ဖြစ်ပွားမှုများသည့်ဒေသများမှ ပြန်လာသူများအား အသွားအလာကန့်သတ်၍ စစ်ဆေးပေးခြင်းများကို ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး "ဝ"အထူးဒေသဖြစ်သည့် ဟွေအောတွင်လည်း "ဝ"ဒေသမှ တာဝန်ရှိသူများက ကျန်းမာရေးဂိတ်ဖွင့်ကာ ထပ်မံစစ်ဆေးနေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
ယင်းအပြင် သွေးစစ်သည့် ကိရိယာများဖြင့် COVID 19 စစ်ဆေးခြင်းမှာ အဖြေမတိကျသဖြင့် အဆိုပါကိရိယာအား အသုံးပြုစစ်ဆေးခြင်းကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကအသိအမှတ်ပြုထားခြင်းမရှိဘဲ နှာခေါင်းတို့ပတ်ဖြင့် စစ်ဆေးရသည့် RDT ဖြင့် စစ်ဆေးရန် WHO က အသိအမှတ်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။
" ကျွန်တော်တို့ အခုစစ်နေတဲ့ နှာခေါင်းကိုထိုးတဲ့ အမြန်စစ်ကိရိယာ (RDT) ဆိုတာက ဒီဗိုင်းရပ်စ်ရဲ့ antigen ကို စစ်တဲ့ ကိရိယာပါ။ တနည်းဆိုရရင် virus အကောင်လိုက်ကို စစ်တာပေါ့။ သူက အဖြေမှားတယ်ဆိုတာမရှိဘူး။ အဖြေတိကျတယ်။ ဒါကြောင့် WHO က အသိအမှတ်ပြုထားတာ။ RDT နဲ့စစ်တော့ ပိုးမတွေ့ဘဲ PCR နဲ့စစ်မှ ပိုးတွေ့တယ်ဆိုတာတွေက RDT က မှားတာမဟုတ်ဘူး။ လူ့ ခန္ဓာကိုယ်အတွင်းမှာ ပိုးကောင်ရေ အမြင့်ဆုံးဖြစ်တဲ့အချိန်မှာ စစ်မိမှာ သူက Positive၊ Negative ပြတာပေါ့။ သွေးစစ်တာကတော့ သွေးထဲမှာ ရှိနေတဲ့ COVID 19 ကို ပြန်တိုက်တဲ့ ပဋိဇီဝပစ္စည်းတွေကို စစ်တာပေါ့။ အဲဒါက မှားတာများတယ်။ ဒါကြောင့် WHO က မသုံးဖို့ တားမြစ်ထားပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန guideline မှာလည်း မသုံးဖို့ ညွှန်ကြားထားတယ်။"ဟု ဆရာဝန်တစ်ဦးက ပြောသည်။
ဟွေအောတွင် သွေးစစ်သည့်ကိရိယာဖြင့် COVID 19 စစ်ဆေးမှုအတွင်း positive အဖြေထွက်သူ (၃)ဦးကို ကျန်းမာရေးဌာနက ပြန်လည်စစ်ဆေးပေးရာ negative အဖြေထွက်ခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း  - ချယ်ရီထိုက်
ဓါတ်ပုံ - loi sarm Hsong

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~