အာဏာသိမ်းစစ်ခေါင်းဆောင်ကို အကြမ်းဖက်မှုများ ရပ်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တွေ့ဆုံ တိုက်တွန်း

အာဏာသိမ်းစစ်ခေါင်းဆောင်ကို အကြမ်းဖက်မှုများ ရပ်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က တွေ့ဆုံ တိုက်တွန်း
သြဂုတ် 18, 2022 | နိုင်ငံရေး

မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ခရီးစဥ်လာရောက်သည့် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏  မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) က အကြမ်းဖက်မှုအားလုံး အမြန်ဆုံး ရပ်တန့်ရန်၊ နိုင်ငံရေးအကျဥ်းသားများကို ပြန်လွှတ်ပေးရန်နှင့် သေဒဏ်စီရင်မှုများ ရပ်တန့်ရန် တိုက်တွန်းလိုက်ကြောင်း သိရသည်။

ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက မြန်မာနိုင်ငံကို ဩဂုတ်လ (၁၆) ရက် နှောင်းပိုင်းတွင် ရောက်ရှိလာခဲ့ပြီးနောက် ဩဂုတ်လ (၁၇) ရက်နေ့က အာဏာသိမ်း စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တွေ့ဆုံစဥ် ထိုသို့ တိုက်တွန်းခဲ့ကြောင်း ၎င်း၏ရုံးက ပြောသည်။ 

စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံမှုအတွင်း လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားရန်နှင့် အကြမ်းဖက်မှုအားလုံး ချက်ချင်း ရပ်တန့်ရန်နှင့် လိုအပ်နေသူများထံသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီများ လွတ်လပ်စွာပေးနိုင်ရန် မကြာသေးမီက ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ တောင်းဆိုမှုကို နိုလင်းဟေဇာက ထပ်ပြောခဲ့သည်။

"ကျွန်မရဲ့ ခရီးစဥ်က ကုလသမဂ္ဂရဲ့ စိုးရိမ်ပူပန်မှုကို အသိပေးဖို့နဲ့ ပဋိပက္ခနဲ့ ပြည်သူတွေရဲ့ ထိခိုက်ခံစားရမှု လျှော့ချရန် လိုအပ်သော ခိုင်မာတဲ့ခြေလှမ်းတွေကို အဆိုပြုဖို့ပါ။ ကုလသမဂ္ဂရဲ့ ထိတွေ့ဆက်ဆံမှုက ဘယ်လိုနည်းနဲ့မှ တရားဝင်မှုပေးတာ မဟုတ်ပါဘူး" ဟု စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံအပြီးတွင် ကုလသမဂ္ဂက ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် နိုလင်းဟေဇာက ပြောထားသည်။

နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့အစည်း နယ်ပယ်တို့မှ အရေးပါသူများ၊ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီးနောက် အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သွားရောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂက ဩဂုတ်လ (၁၅) ရက်နေ့က ထုတ်ပြန်ခဲ့သည်။

 စစ်အုပ်စုခေါင်းဆောင်နှင့် တွေ့ဆုံစဉ် ကုလသမဂ္ဂအထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံခွင့်ရရန်လည်း ထိပ်တိုက် တောင်းဆိုထားသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် စစ်တပ်အာဏသိမ်းမှုနှင့်အတူ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေပြီး ပြည်တွင်းသုံးငွေ တန်းဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုနှင့် လောင်စာဆီပြတ်လပ်မှု အပါအဝင် အထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေကြရသည်။ 

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို သာလွန်အင်အားဖြင့် လေကြောင်းတိုက်ခိုက်မှုသုံးပြီး ဖိနှိပ်မှုများလည်း ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။

နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်‌ရှောက်ရေးအသင်း၏ ဩဂုတ်လ (၁၇) ရက်အထိ အချက်အလက်များအရ မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လကျော်အတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၂၁၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၅,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ 

ထိုဖမ်းဆီးခံသူများအနက် ထောင်ဒဏ်ချမှတ်ခံရသူများ အပါအဝင် ၁၂,၀၀၀ ကျော်မှာ ချုပ်နှောင်ခံနေရဆဲဖြစ်သည်။ 

ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁.၂) သန်းကျော်ရှိနေပြီဟုလည်း သိရသည်။

Source: AP, Reuters