အာဏာသိမ်းစစ်ကောင်စီတပ် ဝင်သွားသည့် ယင်းမာပင်ရှိ ရွာ ၃ ရွာမှ အိမ်ထောင်စု ၁၂၀ ကျော် နေအိမ်များမီးလောင်ဆုံးရှုံး

အာဏာသိမ်းစစ်ကောင်စီတပ် ဝင်သွားသည့် ယင်းမာပင်ရှိ ရွာ ၃ ရွာမှ အိမ်ထောင်စု ၁၂၀ ကျော် နေအိမ်များမီးလောင်ဆုံးရှုံး
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ရင်ပေါင်တိုင်ကျေးရွာ၊ ကပိုင်ရွာနှင့် သီးကုန်းရွာတို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ထောင်စု (၁၂၁)စု အိုးအိမ်မဲ့ဖြစ်သွားကြသည့်အပြင် ဒေသခံ (၅)ဦးလည်း အသတ်ခံကြရကြောင်း ယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

အာဏာသိမ်းစစ်ကောင်စီတပ်သည် ရင်ပေါင်တိုင်ကျေးရွာကို ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၈) ရက်နေ့က စတင်ဝင်ရောက်ပြီး ဩဂုတ်လ (၂၀) ရက်နေ့အထိ ကပိုင်ရွာနှင့် သီးကုန်းရွာများတွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကပိုင်ရွာနှင့် သီးကုန်းရွာတို့ကို ဝင်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်က ဒေသခံ (၅)ဦးကိုလည်း သတ်ဖြတ်သွားသည်ဟု သိရသည်။

အဆိုပါကျေးရွာများမှ မိသားစုများမှာ နေအိမ်များအပါအဝင် မီးဖိုဆောင်၊ သီးနှံသိုလှောင်ရုံစသည်များ၊ လယ်ယာသုံးစက်ပစ္စည်းများပါ မီးလောင်ဆုံးရှုံးသွားကြကြောင်း သိရသည်။

ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်များအတွင်း စစ်ကြောင်းထိုးကာ လူနေအိမ်များ မီးရှို့ဖျက်ဆီးနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည် ယခုတွင်လည်း ယင်းမာပင်မြို့နယ် သလောက်ကျေးရွာနှင့် ဝန်းကုန်းကျေးရွာများအနီး ရောက်နေကြကြောင်း သိရသည်။