ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ပထမဆုံးခရီးစဥ်အဖြစ် ရောက်ရှိ 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဩဂုတ်လ(၁၆)ရက်နေ့တွင် ရောက်ရှိလာစဉ်
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဩဂုတ်လ(၁၆)ရက်နေ့တွင် ရောက်ရှိလာစဉ်
ကုလသမဂ္ဂအထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို ပထမဆုံးခရီးစဥ်အဖြစ် ရောက်ရှိ 
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) က မြန်မာနိုင်ငံသို့ ခရီးစဥ်သွားရောက်နေပြီဖြစ်ကြောင်း ကုလသမဂ္ဂက  သတင်းထုတ်ပြန်သည်။ 

ပြည်တွင်းမငြိမ်သက်မှုများနှင့် မြန်မာနှင့် ၎င်း၏ အရှေ့တောင်အာရှ နိုင်ငံများကြား ဆက်ဆံရေးအဆင်မပြေမှုများရှိနေစဥ် ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံသို့ လာရောက်ခြင်းလည်း ဖြစ်သည်။

ဩဂုတ်လ (၁၆) ရက်နေ့ နံနက်ပိုင်းတွင်ရောက်ရှိလာသည့် ယခုခရီးစဥ်မှာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်အဖြစ် နိုလင်းဟေဇာ၏ ပထမဆုံး မြန်မာနိုင်ငံခရီးစဥ်ဟု ဆိုသည်။

 နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့အစည်း နယ်ပယ်တို့မှ အရေးပါသူများ၊ လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးတိုင်ပင်ပြီးနောက် အထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်က မြန်မာနိုင်ငံကို သွားရောက်ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုအားလုံး ချက်ချင်းရပ်တန့်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးခွင့်ရရန် တောင်းဆိုခဲ့ပြီးနောက် နိုလင်းဟေဇာ၏ ယခုခရီးစဥ်ဖြစ်လာခဲ့သည်။ 

ကုလသမဂ္ဂက ၎င်း၏ မြန်မာခရီးစဥ်နှင့် ပတ်သက်၍ နောက်ထပ် အသေးစိတ်များကိုမူ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

အာဏာသိမ်း စစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က စစ်တပ်ကိုထောက်ခံသော မီဒီယာကို ပြောကြားမှုအရ ကုလသမဂ္ဂအထူးကိုယ်စားလှယ် နိုလင်းဟေဇာက အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အခြား စစ်အုပ်စုလက်အောက်ခံ ဝန်ကြီးများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလိုကြောင်း တောင်းဆိုမှုမရှိဟု စစ်အုပ်စု၏ ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် စစ်တပ်အာဏသိမ်းမှုနှင့်အတူ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်နေပြီး ပြည်တွင်းသုံးငွေ တန်းဖိုးကျဆင်းမှု၊ ကုန်ဈေးနှုန်းများ အဆမတန် ကြီးမြင့်မှုနှင့် လောင်စာဆီပြတ်လပ်မှု အပါအဝင် အထွေထွေအကျပ်အတည်းများ ရင်ဆိုင်နေကြရသည်။ 

ထို့အပြင် အာဏာသိမ်းစစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်တော်လှန်သူများကို သာလွန်အင်အားဖြင့် လေကြောင်းတိုက်ခိုက်မှုသုံးပြီး ဖိနှိပ်မှုများလည်း ဆက်တိုက် လုပ်ဆောင်နေခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းခဲ့ပြီးနောက် (၁၈) လကျော်အတွင်း စစ်အုပ်စု၏ တပ်ဖွဲ့များက အရပ်သား ၂,၂၀၀ နီးပါးကို သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ကို ဆန့်ကျင်သူ ၁၄,၀၀၀ ကျော်ကို မတရားသဖြင့် ဖမ်းဆီးခဲ့သည်။ ကုလသမဂ္ဂ၏ စာရင်းများအရ မြန်မာနိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၁.၂) သန်းကျော်ရှိနေပြီဟုလည်း သိရသည်။

Source:  Reuters