တာချီလိတ်မြို့တွင် ၂၀၂၀ အနိုင်ရ အာခါတိုင်းရင်းသားရေးရာဝန်ကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အပါအဝင် NLD မှ (၃)ဦးကို တပ်က ဖမ်းဆီး

တာချီလိတ်မြို့တွင် ၂၀၂၀ အနိုင်ရ အာခါတိုင်းရင်းသားရေးရာဝန်ကြီး နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အပါအဝင် NLD မှ (၃)ဦးကို တပ်က ဖမ်းဆီး
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) မှ ရွေးကောက်ခံ ကိုယ်စားလှယ်များကို တပ်မတော်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းတွင် နေအိမ်အသီးသီးမှ ခေါ်ယူထိန်းသိမ်းသွားကြောင်း သိရသည်။



မနက်က  လာခေါ်ကြတယ်။ စစ်ကားတွေနဲ့ လာခေါ်သွားကြတယ်

ဟု ဖမ်းဆီးထိန်းသိမ်းခံရသည့် NLD ပါတီမှ ကိုယ်စားလှယ်၏ မိသားစုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



အလားတူအခြား NLD ပါတီမှ အနိုင်ရ အာခါတိုင်းရင်းသားရေးရာ ကိုယ်စားလှယ် ဦးယာကုပ်ကိုလည်း လာရောက်ခေါ်ဆောင် ထိန်းသိမ်းသွားကြောင်း သိရသည်။



မနက်က (၅) နာရီလောက်က အိပ်ရာနိုးတော့ စစ်သားတွေ တေ့ွရတယ်။ မနက်က ဖမ်းသွားတယ်ဆိုမှ သတိထားမိတာ ည (၁၁) နာရီကျော်လောက်ကတည်းက စစ်သားတွေ ဒီနားလာဝိုင်းထားတယ်ထင်တယ်။ စစ်သားတွေ ညကတည်းက တွေ့တာ သတိထားမိတယ်

ဟု NLD ကိုယ်စားလှယ်၏ အိမ်နီးချင်းတစ်ဦးက ပြောသည်။



NLD ကိုယ်စားလှယ်များအား လာရောက်ထိန်းသိမ်းရာတွင် တပ်မတော်က ရပ်ကွက်အား လုံခြုံရေးအပြည့်ယူ၍ လာရောက်ခေါ်ဆောင်ခြင်းဖြစ်ပြီး ဆက်သွယ်ရေးအော်ပရေတာအားလုံးကိုလည်း ဖြတ်တောက်ထားခြင်းဖြစ်သည်။



 မနက်က တံခါးလာခေါက်တယ်။ သူတို့လာခေါ်တော့ မလိုက်ဘူးဆိုပြီးနေတယ်။ အဲဒါနဲ့ သူတို့က မပါလို့မဖြစ်ဘူး။ ဟိုမှာလည်း တခြားသူတွေလည်း ခေါ်ထားတယ်။ ခေါ်သွားရတော့မယ်ဆိုပြီး ကားနဲ့ခေါ်သွားတယ်။ စစ်ကားတွေက တန်းစီရပ်ထားတယ်။

ဟု ဖမ်းဆီးခံရသည့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ မိသားစုဝင်က ပြောသည်။



အနိုင်ရကိုယ်စားလှယ်များအပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ပါတီမှ မိုင်းဖြတ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ ယာဘိုးရှီးကိုလည်း ထိန်းသိမ်းထားကြောင်း သိရသည်။



တပ်မတော်က တာချီလိတ်မြို့မှ NLD ကိုယ်စားလှယ်များအား နံနက် (၁) နာရီဝန်းကျင်ကတည်းက လိုက်လံဖမ်းဆီးထိန်းသိမ်းနေခြင်းဖြစ်သည်။



 အာခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးယာကုပ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဆိုင်တွီနှင့် မိုင်းဖြတ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ဝင်ရောက်ယှဉ်ပြိုင်သည့် ဒေါက်တာ ယားဘိုးရှီးတို့ကို တာချီလိတ်မြို့ နေအိမ်အသီးသီးမှ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ကျန်လွှတ်တော်ကိုယ်စားလှယ်များမှာ တာချီလိတ်တွင်မရှိကြောင်း သိရသည်။

ချယ်ရီထိုက် (အင်မိုင်ခ)သည် Tachileik News Agency ၏ စီမံခန့်ခွဲမှုအယ်ဒီတာချုပ်ဖြစ်သည်။