တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို အသုံးချပြီး ထိုင်ဝမ်ကို ကျူးကျော်ရန် ပြင်ဆင်နေ 

Photo: REUTERS/Ann Wang
Photo: REUTERS/Ann Wang
တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို အသုံးချပြီး ထိုင်ဝမ်ကို ကျူးကျော်ရန် ပြင်ဆင်နေ 
သြဂုတ် 10, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်အပေါ် ကန့်ကွက်သည့် စစ်ရေးလေ့ကျင့်မှုအား အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေသလို   ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန်အတွက် ပြင်ဆင်နေကြောင်း  ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။

စစ်ရေးလေ့ကျင်မှုများ ဆက်လုပ်ဆောင်နေခဲ့ပြီး တရားဝင်မဟုတ်သည့် ထိုင်ဝမ်ရေလက်ကြား ပိုင်းဖြတ်မျဥ်းကို တရုတ်က မကြာခဏ ဖြတ်ကျော်ဝင်ရောက်မှုရှိနေသော်လည်း ထိုင်ဝမ်ကို ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ဟု ထိုင်ဝမ်နိုင်ငံခြာရေးဝန်ကြီး Joseph Wu က တိုင်ပေမြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။

"တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို အသုံးချနေတာပါ ထိုင်ဝမ်ကို ကျူးကျော်မှုအတွက် ပြင်ဆင်ဖို့အတွက်ပါ" ဟု Wu က ဆိုသည်။ 

 REUTERS/Ann Wang

ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးကူညီကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။ 

"ထိုင်ဝမ်မှာ လူထုရဲ့စိတ်ဓာတ်ကို အားနည်းအောင်ကြိုးပမ်းမှုအဖြစ် တရုတ်က အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ၊ ဒုံးကျည်ပစ်လွှတ်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းမှားဖြန့်ဝေမှုတွေနဲ့ စီးပွားရေးအကျပ်ကိုင်မှုတွေ လုပ်နေတယ်" ဟု Wu က ပြောဆိုခဲ့သည်။

တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် ပဲ့ထိန်းဒုံးကျည်များပစ်လွှတ်မှု၊ ပင်လယ်ပြင်နှင့် လေကြောင်းတိုက်ခိုက်ရေးကို ‌ဝေဟင်နှင့် ပင်လယ်အတွင်း သရုပ်ဖော်လေ့ကျင့်မှုတို့ အပါအဝင် ၎င်း၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ (၄) ရက်နေ့ မှ (၇) ရက်နေ့ အထိ (၄) ရက်နေ့ ကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ရေးတင်းမာမှုများရှိနေစဥ် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Wu က ထိုသို့ ပြောခြင်းလည်း ဖြစ်သည်။

ဩဂုတ်လ (၇) ရက်နေ့တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် တရုတ်စစ်တပ်က ရေငုပ်သင်္ဘော တန်ပြန်တိုက်ဖျက်မှုနှင့် ပင်လယ်ပြင်တိုက်ခိုက်ရေးတို့ကို အဓိကထားမည့် စစ်ရေးလေ့ကျင့်မှုအသစ်များ လုပ်ဆောင်သွားမည်ဟု ဩဂုတ်လ (၈) ရက်နေ့က ကြေညာခဲ့သည်။ 

ယခုစစ်ရေးလေ့ကျင့်မှုများအရ တရုတ်က ထိုင်ဝမ်၏ကာကွယ်ရေးကို ဆက်လက် ဖိအားပေးလိမ့်မည်ဟု လုံခြုံရေး လေ့လာဆန်းစစ်သူအချို့နှင့် သံတမန်များက စိုးရိမ်ပူပန်နေကြသည်။

Source: Reuters