စူပါဟီးရိုး ဝတ်စုံများဝတ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးသည့် ပီရူးရဲတပ်ဖွဲ့၏ Marvel စစ်ဆင်ရေး

စူပါဟီးရိုး ဝတ်စုံများဝတ်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်သူများကို ဖမ်းဆီးသည့် ပီရူးရဲတပ်ဖွဲ့၏ Marvel စစ်ဆင်ရေး
နိုဝင်ဘာ 3, 2022 | နိုင်ငံတကာသတင်း
By Mr John

ပီရူးနိုင်ငံ လီမာမြို့တော်၏ အန္တရာယ်ရှိသည့် ရပ်ကွက်တစ်ခုအတွင်းသို့ The Avengers စူပါဟီးရိုး (၄) ဦးက ဝင်ရောက်စီးနင်းပြီး အလိုရှိနေသည့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ဖမ်းဆီးခဲ့သည်။ 

Spider-Man, Captain America, Thor နှင့် Black Widow တို့ပါဝင်သည့် စူပါဟီးရိုးအဖွဲ့က မူးယစ်ဆေးဝါး ရောင်းဝယ်သူများကို ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ထိုစူပါဟီးရိုး (၄) ဦးမှာ အမှန်တကယ်အားဖြင့် ပီရူးရဲတပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် ဟောလိုးဝင်ဖျော်ဖြေပွဲအတွက် စူပါဟီးရိုးများပုံစံ ဝတ်ဆင်ထားဟန်ဖြင့် အသွင်ယူပြီး မူးယစ်ဆေးဝါးတရားခံများကို ဖမ်းဆီးရန် စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာလ (၁) ရက် ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

"Marvel" ဟု အမည်ပေးထားသည့် ယခုစစ်ဆင်ရေးတွင် စူပါဟီးရိုးဝတ်စုံများ ဝတ်ဆင်ထားသော အထူးတပ်ဖွဲ့ ရဲအရာရှိ (၄) ဦးက လီမာမြို့ San Juan de Lurigancho ရပ်ကွက်ရှိ လမ်းတစ်ခုတွင် အောက်တိုဘာလ (၂၉) ရက်နေ့က အေးအေးဆေးဆေး လမ်းလျှောက်သွားခဲ့ကြသည်။

ပစ်မှတ်နေအိမ်ရှေ့သို့ ရောက်ရှိချိန်တွင် Spider-Man နှင့် ၎င်း၏သူငယ်ချင်း စူပါဟီးရိုးများက အထူးကိရိယာကို ဆွဲထုတ်ပြီး စတီးလ်တံခါးကို ချိုးဖျက်လိုက်ကာ အကူလိုက်ပါလာသည့် ရဲတပ်ဖွဲ့ဝင် (၁၀) ဦး နေအိမ်အတွင်း ဝင်ရောက်နိုင်ရန် အချိန်ကိုက် လုပ်ဆောင်ခဲ့ကြသည်။ 

ထို့နောက် နေအိမ်အတွင်းရှိ မူးယစ်ဆေးဝါးရောင်းဝယ်သူ အမျိုးသား (၃) ဦးနှင့် အမျိုးသမီး (၁) ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ နေအိမ်အတွင်းရှိနေသူများက စူပါဟီးရိုးဝတ်စုံများနှင့် လူ (၄) ဦးကို တွေ့ရသည့်အခါ ပထမတွင် ဟောလိုးဝင်းပွဲတော် နောက်ပြောင်မှုတစ်ခုဟု ထင်ခဲ့မိကြပြီး အဖမ်းခံရချိန်၌ အံ့အားသင့်နေခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောသည်။ 

နေအိမ်အတွင်းမှ ကိုကင်းပုံဆောင်ခဲ အထုပ်ငယ် (၃,၂၅၀)၊ ကိုကင်း (၂၈၇) ထုပ်နှင့် ဆေးခြောက် (၁၂၇) ထုပ်ကို သိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

Source: AFP

Photo: Peruvian National Police