ထိုင်းနိုင်ငံတွင် ပရာယွတ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြရန် နှင့် အနက်ရောင်အင်္ကျီကို အောက်တိုဘာ(၇)ရက်နေ့အထိ ဝတ်ဆင်ကြရန် နှိုးဆော်ထား

ထိုင်းနိုင်ငံတွင် ပရာယွတ် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြရန် နှင့် အနက်ရောင်အင်္ကျီကို အောက်တိုဘာ(၇)ရက်နေ့အထိ ဝတ်ဆင်ကြရန် နှိုးဆော်ထား
အောက်တိုဘာ 1, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စစ်အာဏာသိမ်းခေါင်းဆောင် ပရာယွတ်ချန်အိုချာ၏ ဝန်ကြီးချုပ်ရာထူးသက်တမ်းနှင့် ပတ်သက်၍ ဆုံးဖြတ်စီရင်မှုအပေါ် ဒီမိုကရေစီအရေး ဆန္ဒပြခေါင်းဆောင်များနှင့် အတိုက်အခံများက လက်မခံကြောင်း ပြောကြားလိုက်ပြီး ပြည်သူလူထုကို (၇) ရက်လုံး အနက်ရောင်ဝတ်ဆင်ပြီး အောက်တိုဘာလ (၁) ရက်နေ့တွင် Victory Monument သို့ စုရုံးချီတက်ကြကာ ခုံရုံးဆုံးဖြတ်ချက်ကို လက်မခံကြောင်း ဖော်ပြကြရန် နှိုးဆော်လိုက်သည်။

Thatchapong Kaedam ဦးဆောင်သည့် အနက်ရောင်ဝတ်ဆင် ဆန္ဒပြသည့်အဖွဲ့များက စက်တင်ဘာလ (၃၀) ရက်နေ့ အခြေခံဥပဒေခုံရုံး ဆုံးဖြတ်ချက်ကို လာရောက်စုရုံး နားထောင်ခဲ့ကြပြီး ပရာယွတ်ကို ဝန်ကြီးချုပ်အဖြစ် ဆက်ရှိနေနိုင်မည့် ဆုံးဖြတ်ချက်အပေါ် လှောင်ပြောင်ခဲ့ကြသည်။ 

ဆန္ဒပြအဖွဲ့အနေဖြင့် ခုံရုံးဆုံးဖြတ်ချက်ကို လက်မခံကြောင်းနှင့် တိုင်းပြည်မျက်နှာကို ရိုက်လိုက်ခြင်းဖြစ်ကြောင်း ပြောဆိုခဲ့သည်။

Labour Network for People's Rights မှ တက်ကြွလှုပ်ရှားသူ Thanaporn Wichan ကလည်း ဆန္ဒပြသူများက အခြေခံဥပဒေခုံရုံး ဆုံးဖြတ်စီရင်မှုကို လက်မခံကြောင်း ကြေညာချက်ကို ဖတ်ကြားခဲ့သည်။ 

၎င်းတို့က ပရာယွတ်၏ ဝန်ကြီးချုပ်ရာထူးသက်တမ်းမှာ ယခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့တွင် ပြီးဆုံးပြီဖြစ်ကြောင်း ယူဆထားသည်။ 

ထိုရက်နောက်ပိုင်း ပရာယွတ်၏ လုပ်ဆောင်မှုများမှာ အခြေခံဥပဒေနှင့်မညီဘဲ ၎င်း၏အုပ်ချုပ်မှုမှာ တရားမဝင်ကြောင်း ဆန္ဒပြအဖွဲ့က ဆိုသည်။

ဆန္ဒပြအဖွဲ့များက အများပြည်သူအနေဖြင့် လှည့်ဖျားကောက်ကျစ်သည့် ဝန်ကြီးချုပ်တစ်ဦး လက်အောက်ရှိ အစိုးရအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် အောက်တိုဘာ (၁) ရက်မှ (၇) ရက်အထိ အနက်ရောင်ဝင်ဆင်ကြရန် တိုက်တွန်းခဲ့သည်။ 

အခြား ဆန္ဒပြအုပ်စုများဖြစ်သည့် 24 June Democracy နှင့် Talu Fah တို့ကလည်း အထူးသဖြင့် အတိုက်အခံအုပ်စုမှ အပါအဝင် နိုင်ငံရေးပါတီများကို ပြည်သူလူထုနှင့်အတူ လမ်းပေါ်ထွက် ဆန္ဒပြကြရန် တောင်းဆိုခဲ့သည်။

ထိုင်းနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်ချန်အိုချာကို ဝန်ကြီးချုပ်ရာထူးတွင် ဆက်လက် တာဝန်ယူခွင့်ပြုလိုက်ကြောင်း စက်တင်ဘလ (၃၀) ရက်နေ့တွင် ဆုံးဖြတ်စီရင်လိုက်သည်။ 

အတိုက်အခံများက ဗိုလ်ချုပ်ကြီးဟောင်း ပရာယွတ်မှာ ၂၀၁၄ ခုနှစ်တွင် အာဏသိမ်းခဲ့မှုကြောင့် ၎င်း၏ဝန်ကြီးချုပ်သက်တမ်းမှာ ၂၀၂၂ ခုနှစ်တွင် (၈) နှစ်ပြည့်ပြီဟု ပြောဆိုခဲ့ကြသည်။  

သို့သော် အခြေခံဥပဒေခုရုံးက ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ စတင်ပြဋ္ဌာန်းသည့် ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။ 

အာဏာသိမ်းပြီးနောက် ၂၀၁၇ ခုနှစ် ဧပြီလ (၆) ရက်နေ့ မတိုင်မီ ပရာယွတ်၏ နိုင်ငံ့ခေါင်းဆောင်လုပ်ခဲ့သည့် အချိန်ကာလမှာ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်သက်တမ်းအဖြစ် အကျုံးမဝင်ကြောင်း အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့သည်။ 

ယခုဆုံးဖြတ်ချက်အရ ပရာယွတ်၏ ဝန်ကြီးချုပ်သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိဖြစ်ရာ ၎င်းအတွက် အာဏာဆက်လက်တည်မြဲသွားစေခဲ့သည်။

ပုံအညွှန်း - ဖော်ပြပါ ပုံများမှ ထိုင်းသပိတ်အဖွဲ့မှ ကြော်ငြာထားသည့် ပုံများဖြစ်သည်

Source: Bangkok Post

Photo: United Front of Thammasat and Demonstration