အမေရိကန် အမျိုးသမီးတစ်ဦး မိနစ် (၂၀) အတွင်း ရေ (၂) လီတာ သောက်ပြီးနောက် ‌‌ရေဆိပ်သင့်ကာ အသက်ဆုံးရှုံး

အမေရိကန် အမျိုးသမီးတစ်ဦး မိနစ် (၂၀) အတွင်း ရေ (၂) လီတာ သောက်ပြီးနောက် ‌‌ရေဆိပ်သင့်ကာ အသက်ဆုံးရှုံး
သြဂုတ် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 အမေရိကန်နိုင်ငံတွင် အသက် (၃၅) နှစ်အရွယ် အမျိုးသမီးတစ်ဦးမှာ မိသားစုနှင့်အတူ အားလပ်ရက် အပန်းဖြေခရီးထွက်နေစဥ် အလွန်တိုတောင်းသော အချိန်တစ်ခုအတွင်း ရေ (၂) လီတာ သောက်ခဲ့ပြီးနောက် ပြင်းထန်သည့် ဦးနှောက်ရောင်ရမ်းမှုကြောင့် အသက်ဆုံးရှုံးသွားခဲ့သည်။ 

အက်ရှ်လေဆမ်းမားစ် အမည်ရှိ ထိုအမျိုးသမီးက ၂၀၂၃ ခုနှစ် အမေရိကန်လွတ်လပ်‌‌‌ရေးနေ့တွင် အင်ဒီယားနားပြည်နယ်ရှိ Lake Freeman ရေလှောင်တမံနေရာ၌ မိသားစုနှင့်အတူ ရှိနေခဲ့စဥ် ရာသီဥတု ပူပြင်းမှုကြောင့် ရေငတ်လာပြီး ရေသောက်၍မဝနိုင် ဖြစ်နေခဲ့သည်။

မိသားစု၏ အဆိုအရ ဆမ်းမားစ်က ခေါင်းကိုက်နေခဲ့ကြောင်းလည်း သိရသည်။ 

ထို့နောက် သူမက မိနစ် (၂၀) အတွင်း ရေပမာဏ (၁၆) အောင်စ ပါဝင်သော ရေဘူး (၄) ဘူး (ရေ ၂ လီတာ) ကို သောက်ခဲ့သည်။ 

ထိုအချိန်တွင် ဆမ်းမားစ်က ပြင်းထန်သော ကျန်းမာရေးပြဿနာ လက္ခဏာများ မခံစားခဲ့ရသော်လည်း နေအိမ်သို့ ပြန်ရောက်ပြီးနောက် ကားဂိုဒေါင်အတွင်း လဲကျသွားခဲ့ပြီး သတိပြန်လည်မလာတော့ဟု ဆိုသည်။

ဆမ်းမားစ်မှာ အလွန်တိုတောင်းသော အချိန်တစ်ခုအတွင်း ရေအလွန်အကျွံ‌ သောက်ပြီးနောက် ပြင်းထန်သော ဦးနှောက်ရောင်ရမ်းမှု ခံစားခဲ့ရကြောင်း ဆရာဝန်များက အံ့ဩတုန်လှုပ်နေသည့် သူမ၏ မိသားစုကို ရှင်းပြခဲ့သည်။ 

 "သူမက မိနစ် (၂၀) အတွင်းမှာ ရေ (၄) ဘူး သောက်ခဲ့တယ်လို့ တစ်ယောက်က ပြောတယ်" ဟု ဆမ်းမားစ်၏ အကိုဖြစ်သူ ဒေဗွန်မေလ်လာက ပြောသည်။

"အဲဒီ ရေဘူးတွေက ရေ (၁၆) အောင်စ ပါဝင်တော့ အားလုံးပေါင်း ရေပမာဏ (၆၄) အောင်စကို သူမက မိနစ် (၂၀) အတွင်း သောက်ခဲ့တာပါ။ ဒါက ဂါလံတစ်ဝက်ပေါ့။ ဒီရေပမာဏက လူတစ်ဦးအတွက် တစ်နေ့လုံးစာ သောက်သင့်တဲ့ ပမာဏပါ" ဟု ၎င်းက ဖြည့်စွက်ပြောသည်။

 ဆမ်းမားစ်က ကိုယ်တွင်းအင်္ဂါများကို လှူဒါန်းထားသူတစ်ဦးဖြစ်ပြီး သူမ၏ ကိုယ်တွင်းအင်္ဂါများဖြင့် လူ (၅) ဦးကို အသက်ကယ်နိုင်ခဲ့ကြောင်း မိသားစုက ဆိုသည်။

ဆမ်းမားစ်ကဲ့သို့ အဖြစ်မျိုး မကြုံရစေရန် ရေသောက်လွန်ကဲမှုကို သတိထားကြရန်လည်း မိသားစုက ပြောကြောင်း ABC7 Chicago သတင်းဝက်ဘ်ဆိုက်က ဖော်ပြသည်။ 

ဆမ်းမားစ်၏ ဖြစ်စဥ်မှာ အချိန်တိုအတွင်း ရေအလွန်အကျွံ သောက်မိခြင်းကြောင့် ဖြစ်ပွားသည့် ရေအဆိပ်သင့်မှု water toxicity ဖြစ်ကြောင်း သိရသည်။ 

လူတစ်ဦး အနေဖြင့် ‌အချိန်တိုအတွင်း ရေအများအပြားသောက်ပြီး ၎င်း၏ ခန္ဓာကိုယ်တွင် ဆိုဒီယမ် လုံလုံလောက်လောက် မရှိသောချိန်၌ water toxicity ဖြစ်ပေါ်ကြောင်း Indiana University Health မှ ဒေါက်တာ ဘလိတ်ဖရိုဘတ်ဂ်က ရှင်းပြသည်။

 

Source: ABC7 Chicago