ငယ်စဥ်က ကျောင်းထွက်ပြီး အချစ်ကို ဦးစားပေးခဲ့သည့် အမျိုးသမီးကြီး အသက်(၇၁) နှစ်တွင် တက္ကသိုလ်ပြန်တက်ကာ အသက် (၉၀) ၌ ဘွဲ့ရ

ငယ်စဥ်က ကျောင်းထွက်ပြီး အချစ်ကို ဦးစားပေးခဲ့သည့် အမျိုးသမီးကြီး အသက်(၇၁) နှစ်တွင် တက္ကသိုလ်ပြန်တက်ကာ အသက် (၉၀) ၌ ဘွဲ့ရ
ဒီဇင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

အသက် (၇၁) နှစ်အရွယ်တွင် တက္ကသိုလ်ပြန်တက်ခဲ့သည့် အသက် (၉၀) နှစ်အရွယ် အမေရိကန်အမျိုးသမီးကြီးတစ်ဦး နောက်ဆုံးတွင် ဒီပလိုမာဘွဲ့ရရှိသွားခဲ့ပြီဟု ဆိုသည်။

 Joyce DeFauw အမည်ရှိ အမျိုးသမီးကြီးမှာ ၁၉၅၁ ခုနှစ်က မြောက်ပိုင်းအီလီနွိုက်စ်တက္ကသိုလ်တွင် စတင်တက်ရောက်ခဲ့ပြီး အိမ်တွင်းစီးပွားရေးဆိုင်ရာဘာသာရပ်ဖြင့် ဘွဲ့ရယူရန် ရည်မှန်းထားခဲ့သည်။

သို့သော် ထိုအစီအစဥ်မှာ သူမ၏ နှလုံးသားကို သိမ်းပိုက်ခဲ့သူ အမျိုးသားတို့ ဘုရားကျောင်း၌ တွေ့ဆုံခဲ့ချိန်တွင် ပြောင်းလဲသွားခဲ့သည်ဟု DeFauw က CNN သတင်းဌာနကို ဒီဇင်ဘာလ (၈) ရက်နေ့တွင် ဖွင့်ဟခဲ့သည်။

 "ကျွန်မ သုံးနှစ်ခွဲကြာ ကျောင်းတက်ခဲ့တယ်။ ဒါပေမဲ့ သူနဲ့တွေ့ပြီးတဲ့နောက် ကျောင်းထွက်ဖို့ ဆုံးဖြတ်ခဲ့တယ်" ဟု DeFauw က ပြောသည်။

သူမ၏ နှလုံးသားကို သိမ်းပိုက်ခဲ့သည့် အမျိုးသားမှာ Don Freeman Sr. ဆိုသူဖြစ်ပြီး ၎င်းတို့နှစ်ဦးက ၁၉၅၅ ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။ 

DeFauw တို့ ဇနီးမောင်နှံတွင် ကလေး (၃) ဦးရှိပြီး Freeman မကွယ်လွန်မီအထိ အတူနေခဲ့ကြသည်။ 

ခင်ပွန်းသည် Freeman ကွယ်လွန်သွားပြီးနောက် DeFauw က မုဆိုးမတစ်ဦးအဖြစ် (၅) နှစ်ကြာ ရပ်တည်ခဲ့သည်။

နောက်ဆုံးတွင် DeFauw က သူမ၏ ဒုတိယခင်ပွန်းသည် Roy DeFauw နှင့် လက်ထပ်ခဲ့သည်။ 

ဒုတိယအိမ်ထောင်နှင့် အမြွှာ (၂) စုံ အပါအဝင် ကလေး (၆) ဦး ရရှိခဲ့ကြောင်း သိရသည်။ 

နှစ်များကြာပြီးနောက် DeFauw က မိသားစုကြီးတစ်ခု ပိုင်ဆိုင်လာခဲ့ပြီး ယခုအခါ မြေး (၁၇) ဦးနှင့် မြစ် (၂၄) ဦး၏ အဘွားဖြစ်နေပြီ ဖြစ်သည်။

 DeFauw က သူမ စွန့်လွှတ်ခဲ့သည့် ကောလိပ်ပညာရေးကို စိတ်ဝင်စားမှုအား ၂၀၁၉ ခုနှစ်တွင် ပြန်အမှတ်ရလာခဲ့သည်။

"ကျွန်မ ထင်တယ် ကျွန်မ ကျောင်းမပြီးခဲ့တာကို စိတ်မကောင်းဖြစ်ခဲ့တယ်။ ကျွန်မရဲ့ကလေးတွေက ကျောင်းပြန်တက်ဖို့ အားပေးကြတယ်" ဟု သူမက ပြောသည်။ 

ထို့နောက် DeFauaw က မြောက်ပိုင်းအီလီနွိုက်စ်တက္ကသိုလ်တွင် ကျောင်းပြန်အပ်ခဲ့ပြီး အတန်းများ ပြန်တက်ခဲ့တော့သည်။ 

DeFauw မှာ တနင်္ဂနွေနေ့တွင် စာသင်ကြားပေးသည့် ကျောင်းဆရာမတစ်ဦးအဖြစ်လည်း လုပ်ကိုင်ခဲ့ပြီး စာသင်ကြားခြင်းနှင့် လေ့လာသင်ယူရခြင်းကို အမြဲနှစ်သက်သူဖြစ်ကြောင်း သူမ၏ မြေးတစ်ဦးက ပြောသည်။

အသက် (၇၁) နှစ်အရွယ်တွင် ကျောင်းပြန်တက်ရာ၌ ယခင်ခေတ်နှင့် မတူတော့ဘဲ တက္ကသိုလ်သို့သွားမည့်အစား DeFauw က ကွန်ပျူတာသုံးပြီး အွန်လိုင်းမှတစ်ဆင့် စာသင်နိုင်ခဲ့သည်ဟု ဆိုသည်။ 

ကွန်ပျူတာကို မည်သို့အသုံးပြုရမည်ကို သူမ၏ ကလေးများက သင်ကြားပေးခဲ့သည်ဟု DeFauw က ပြောသည်။

 ၂၀၂၀ ခုနှစ်တွင် COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့ချိန် ကွန်ပျူတာသုံးပြီး အွန်လိုင်းမှတစ်ဆင့် စာသင်ကြားနေနိုင်မှုအတွက် DeFauw က ကွန်ပျူတာကို ကျေးဇူးတင်ခဲ့သည်ဟု မြေးဖြစ်သူက ပြန်ပြောပြသည်။

DeFauw က တက္ကသိုလ်ပြန်တက်နိုင်ပြီး ဘွဲယူနိုင်ခဲ့သည့် အခွင့်အလမ်းရခဲ့မှုအတွက် ကျေးဇူးတင်လျက်ရှိသည်။ 

"ကိုယ်စတင်ခဲ့တဲ့ အရာတစ်ခုကို အပြီးသတ်ရတာက ဝမ်းသာစရာပါ။ လက်မလျှော့ပါနဲ့။ ခက်ခဲနိုင်တယ်ဆိုတာ ကျွန်မ သိတယ်၊ ဒါပေမဲ့ ဘဝမှာ အရာအားလုံးက အနိမ့်အမြင့် အတက်အကျတွေရှိတာပါပဲ" ဟု တက္ကသိုလ်ဘွဲ့ရ အဘွားအို DeFauw က ပြောခဲ့သည်။

Source: CNN

Photo: Northern Illinois University,