ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းကြောင့် သေဆုံးသူ (၄၈) ဦးအထိ မြင့်တက် 

ဖိလစ်ပိုင်နိုင်ငံတွင် မုန်တိုင်းကြောင့် သေဆုံးသူ (၄၈) ဦးအထိ မြင့်တက် 
အောက်တိုဘာ 31, 2022 | နိုင်ငံတကာသတင်း
By Mr John

 

ဖိလစ်ပိုင်နိုင်ငံတွင် အပူပိုင်းမုန်တိုင်း Nalgae ဖြတ်သန်းတိုက်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက် (၄၈) ဦးအထိ မြင့်တက်လာပြီး အရေးပေါ်ကယ်ဆယ်ရေးဝန်ထမ်းများက ရေကြီးမှုအတွင်း ပိတ်မိနေသည့် မနီလာမြို့တော်နှင့် ပတ်ဝန်းကျင်နေရာများရှိ ဒေသခံများကို ကယ်ဆယ်ရန် အောက်တိုဘာလ (၃၀) ရက်နေ့တွင် ကြိုးပမ်းခဲ့ကြသည်။

မနီလာမြို့တော် တည်ရှိရာ လူဇွန်ကျွန်းကို အောက်တိုဘာလ (၂၉) ရက် ညပိုင်းက Nalgae မုန်တိုင်း ဖြတ်သန်းတိုက်ခတ်ခဲ့ပြီးနောက် မြို့တော်အပြင်ဘက် မြို့ငယ်များနှင့် မြို့ကြီးများရှိ ရပ်ကွက်များတွင် ရေလွှမ်းနေဆဲဖြစ်ပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနှင့် အပျက်အစီးများလည်း ဖြစ်ပေါ်ခဲ့သည်။ 

မုန်တိုင်းကြောင့် နိုင်ငံတဝန်း သေဆုံးသူအရေအတွက် (၄၈) ဦးရှိလာကြောင်း ဖိလစ်ပိုင်နိုင်ငံ ဘေးအန္တရာယ်ဆိုင်ရာဌာနက အောက်တိုဘာလ (၃၀) ရက်တွင် ပြောသည်။

သေဆုံးသူအများစုမှာ ဖိလစ်ပိုင်တောင်ပိုင်း မင်ဒါနာအိုကျွန်းတွင် အောက်တိုဘာလ (၂၈) ရက်နေ့က မုန်တိုင်းတိုက်ခတ်မှုကြောင့် ရုတ်တရက် ရေကြီးမှုများနှင့် မြေပြိုမှုများ ဖြစ်ပေါ်ပြီး ကျေးရွာများ ပျက်စီးခဲ့မှုအတွင်း သေဆုံးခဲ့ကြခြင်း ဖြစ်သည်။ 

အပူပိုင်းမုန်တိုင်း Nalgae က လူဇွန်ကျွန်းကို ဆက်လက် ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မနီလာမြို့ ဆင်ခြေဖုံး Paranaque တွင် အဆောက်အအုံတစ်ခု၏ ခေါင်မိုးပေါ်၌ သောင်တင်နေသော ကလေးများအပါအဝင် လူ (၆၀) ဦးကို ကယ်ဆယ်ရန် အောက်တိုဘာလ (၂၉) ရက် ညပိုင်းက (၁၀) ပေအထိနက်သည့် ရေထဲကိုဖြတ်၍ သွားရောက်ခဲ့ရသည်ဟု ဒေသဆိုင်ရာ အစိုးရတာဝန်ရှိသူတစ်ဦးက ဆိုသည်။

"သူတို့က တကယ်ကို ထွက်လမ်းမရှိဖြစ်နေတော့ ကြောက်လန့်တကြားနဲ့ အော်ဟစ်ပြီး ငိုနေကြတယ်။ သူတို့က ပါတီပွဲတက်နေတုန်းမှာ ရေကြီးလာခဲ့ပြီး သောင်တင်နေခဲ့ကြတာ။ ရေက ဒီလောက်အထိ မြင့်တက်လာမယ်လို့ ကျနော်တို့ မျှော်လင့်မထားဘူး။ သူတို့အားလုံးကို မကယ်နိုင်ခဲ့ရင် တချို့က သေနိုင်တယ်" ဟု အစိုးရတာဝန်ရှိသူ Noel Japlos က AFP သတင်းဌာနကို ပြောသည်။

Nalgae မုန်တိုင်းမှာ မနီလာမြို့အပါအဝင် လူဇွန်ကျွန်းတစ်လျှောက် ဖြတ်သန်းတိုက်ခတ်ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်အတွင်းသို့ ထွက်သွားခဲ့စဥ် အနည်းငယ် အားလျော့သွားကြောင်း ဖိလစ်ပိုင်မိုးလေဝသဌာနက ထုတ်ပြန်သည်။ 

မုန်တိုင်းတိုက်ခတ်ပြီးနောက် လူ (၂၂) ဦး ပျောက်ဆုံးနေကြောင်းနှင့် လူ (၄၀) ဦး ဒဏ်ရာရခဲ့ပြီး တံတားများ၊ လမ်းမများနှင့် လယ်ယာစိုက်ခင်းများ ပျက်စီးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးဌာနက ပြောသည်။

ဖိလစ်ပိုင်ကို ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် မုန်တိုင်းအရေအတွက် (၂၀) ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး လူနှင့်မွေးမြူရေးတိရိစ္ဆာန်များ သေဆုံးမှုနှင့် လယ်ယာမြေများ၊ အိမ်များ၊ လမ်းမများနှင့် တံတားများ ပျက်စီးမှုတို့ ကြုံကြရသည်။ 

ရာသီဥတုဖောက်ပြန်မှု ကမ္ဘာကြီးပူနွေးလာရာမှ မုန်တိုင်းများ ဖြစ်ပွားမှုအကြိမ်ရေ ပိုများလာပြီး ပိုမိုအားကောင်းလာကြောင်း သိပ္ပံပညာရှင်များက သတိပေးထားသည်။

Source: AFP

Photo: CNA