သေဒဏ်စီရင်မှုက မြန်မာပြည်သူတို့၏ ရဲရင့်သော စိတ်ဓာတ်ကို ဖိနှိပ်နိုင်မည် မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော

သေဒဏ်စီရင်မှုက မြန်မာပြည်သူတို့၏ ရဲရင့်သော စိတ်ဓာတ်ကို ဖိနှိပ်နိုင်မည် မဟုတ်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြော
ဇူလိုင် 26, 2022 | အခြားဒေသများ
By Mr John

မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက ဖမ်းဆီးခံထားရသူများကို သေဒဏ်စီရင်ကာ ကွပ်မျက်လိုက်ခြင်းအပေါ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ထိုသို့ သတ်ဖြတ်ခြင်းက ဒီမိုကရေစီအရေး လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေမည်မဟုတ်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။

"ပြစ်တင်ရှုတ်ချထိုက်တဲ့ ဒီအကြမ်းဖက်လုပ်ရပ်တွေက စစ်အုပ်စုရဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး လုံးဝဂရုမစိုက်မှုကို နောက်ထပ် သာဓကပြလိုက်တာဖြစ်တယ်" ဟု ဘလင်ကင်က ထင်ရှားသည့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ကိုဂျင်မီ၊ လွှတ်တော်အမတ်ဟောင်း ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို ကွပ်မျက်လိုက်ခြင်းအပေါ် ထုတ်ပြန်ချက်တွင် ပြောထားသည်။

"စစ်အုပ်စုရဲ့ အတုအယောင် ရုံးတင်စစ်ဆေးမှုတွေနဲ့ ဒီကွပ်မျက်မှုတွေက ဒီမိုကရေစီ ဆိတ်သုဥ်းအောင် ဗြောင်ကျကျ ကြိုးပမ်းမှုတွေပဲ။ ဒီလုပ်ရပ်တွေက မြန်မာပြည်သူတွေရဲ့ ရဲရင့်တဲ့စိတ်ဓာတ်ကို ဘယ်တော့မှ ဖိနှိပ်နိုင်မှာမဟုတ်ဘူး" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်သည်။

"လွတ်လပ်မှုနဲဒီမိုကရေစီအတွက် ကြိုးပမ်းနေတဲ့ မြန်မာပြည်သူတွေနဲ့အတူ အမေရိကန်ပြည်ထောင်စုက ရပ်တည်ပါတယ်။ စစ်အာဏာရှင် လက်အောက်မှာ တစ်ရက်မျှပင် မနေချင်ကြောင်း ပြသခဲ့ကြတဲ့ ပြည်သူတွေရဲ့ ဒီမိုကရေစီလိုချင်တဲ့ ဆန္ဒတွေကိုလေးစားရန် စစ်အုပ်စုကို တိုက်တွန်းတယ်" ဟု ဘလင်ကင်၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်က ထိုင်းနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဥ်အတွင်း ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ မြန်မာလူငယ်များနှင့် ဇူလိုင်လ (၁၀) ရက်နေ့၌ တွေ့ဆုံစဥ် အာဏာသိမ်း စစ်အုပ်စုကို ဆက်လက် ဖိအားပေးနေမည်ဟု ကတိပြုခဲ့သည်။ 

"အပြုသဘောဆောင်တဲ့ လှုပ်ရှားမှု မတွေ့ရဘူးလို့ ပြောရမှာ စိတ်မကောင်းစရာပဲ။ အဲဒါနဲ့ပြောင်းပြန်အဖြစ် မြန်မာပြည်သူတွေကို ဖိနှိပ်နေတာ ကျနော်တို့ ဆက်တွေ့နေရတယ်" ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထိုခရီးစဥ်အတွင်း သတင်းထောက်များကို ပြောသည်။

Source: AFP