ထိုင်းနိုင်ငံတွင် အကြွေးကိစ္စကြောင့် ကျောင်းဆရာမ (၂) ဦး တူးမြောင်းအတွင်း ခုန်ချပြီး အဆုံးစီရင်သွား

Photo: jakkrit waewkraihong
Photo: jakkrit waewkraihong
ထိုင်းနိုင်ငံတွင် အကြွေးကိစ္စကြောင့် ကျောင်းဆရာမ (၂) ဦး တူးမြောင်းအတွင်း ခုန်ချပြီး အဆုံးစီရင်သွား
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံအရှေ့ပိုင်း တရတ်ပြည်နယ် Muang ခရိုင်ရှိ တူးမြောင်းတစ်ခုအတွင်းသို့ ဆရာမတစ်ဦးနှင့် အငြိမ်းစားဆရာမတစ်ဦးတို့သည် အကြွေးကိစ္စကြောင့် ဩဂုတ်လ (၁၆) ရက်နေ့က အတူခုန်ချကာ သေကြောင်းကြံစည်သွားခဲ့ပြီး ၎င်းတို့၏ ကလေးများအတွက် ရေးသားထားခဲ့သည့် နှုတ်ဆက်စာများကို ကားအတွင်း တွေ့ခဲ့ရသည်။ 

ကယ်ဆယ်ရေးအဖွဲ့က သတင်းကြားသိရပြီးနောက် ထိုအမျိုးသမီး (၂) ဦးကို လိုက်လံရှာဖွေနေခဲ့ကြောင်းနှင့် ဩဂုတ်လ (၁၆) ရက် ညပိုင်းအထိ ပြန်ရှာမတွေ့သေးဟု ဆိုသည်။

တံတားပေါ်တွင် ရပ်ထားသည့် တရတ်ပြည်နယ် လိုင်စင်နံပါတ်တပ်ဆင်ထားသည့် Honda ကားတစ်စီးအတွင်း အမျိုးသမီး (၂) ဦးကို ဩဂုတ်လ (၁၆) ရက် နံနက် (၁၁) နာရီ (၄၅) မိနစ်ဝန်းကျင်က မြင်တွေ့ခဲ့သည်ဟု အသက် (၃၂) နှစ်အရွယ် Anon Boonsert က သတင်းထောက်များကို ပြောကြားသည်။ 

၎င်းက တံတားပေါ်ကနေ ဆိုင်ကယ်စီး ဖြတ်သန်းသွားခဲ့ခြင်းဖြစ်ပြီး ထိုအမျိုးသမီး (၂) ဦးကို သိပ်မဂရုစိုက်ခဲ့ဟု ဆိုသည်။ 

ခဏအကြာတွင် တံတားအောက်ဘက် တူးမြောင်းထဲသို့ တစ်စုံတစ်ခု ပြုတ်ကျသွားသည့် အသံကို ကြားခဲ့ရကြောင်း Anon က ပြောသည်။

ထိုအသံကြားရပြီးနောက် Anon က ဆိုင်ကယ်ကို ချက်ချင်း နောက်ပြန်လှည့်ပြီး ကြည့်ရှုခဲ့ရာ တံတားပေါ်တွင် ဖိနပ် (၂) ရံကို တွေ့ခဲ့ရသည်။ 

ထိုအမျိုးသမီး (၂) ဦး တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြပြီဟု Anon က ယူဆခဲ့သည်။ 

Anon ၏ မိသားစုထံမှ အကြောင်းကြားမှု လက်ခံရရှိပြီးနောက် ရဲတပ်ဖွဲ့က အခင်းဖြစ်နေရာသို့ ရောက်ရှိလာခဲ့သည်။ 

ရဲတပ်ဖွဲ့က ဆရာမ (၂) ဦး ရှိနေခဲ့သည့် ကားအတွင်း ရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။

ကားထဲတွင် အသက် (၄၅) နှစ်အရွယ် Paweena Patnuson အမည်နှင့် အသက် (၆၁) နှစ်အရွယ် Lakkhana Phanarot တို့၏ အမည်များပါဝင်သော ကတ်များကို တွေ့ခဲ့ရသည်။ 

၎င်းတို့မှာ Muang ခရိုင်ရှိ Nong Khansong ကျောင်းမှ ဆရာမများဖြစ်ကြပြီး ဆွေမျိုးတော်စပ်ကြကြောင်း ရဲတပ်ဖွဲ့သတင်းရင်းမြစ်က ပြောသည်။ 

ကားအတွင်း ရှာဖွေစစ်ဆေးရာတွင် မည်သည့်အကြောင်းကိစ္စက ၎င်းတို့ သတ်သေရန် တွန်းအားဖြစ်စေခဲ့ကြောင်း ပါဝင်သည့် လက်ရေးဖြင့် ရေးသားထားသော စာများကိုလည်း တွေ့ခဲ့ရသည်။

ဆရာမ Paweena ၏ စာထဲတွင် သူမ၏ လုပ်ရပ်အတွက် သူမ၏ ကလေး (၂) ဦးနှင့် သူမ ငွေချေးယူခဲ့သူများကို တောင်းပန်ထားသည်။ 

ဆရာမ၏ စာထဲတွင် ရေးသားထားမှုအရ ၎င်းမှာ အလိမ်ခံရပြီး အကြွေးမဆပ်နိုင်တော့ဟု ဆိုသည်။ 

သူမ၏ မြေကို ပေါင်နှံထားသည့် ပုဂ္ဂိုလ်တစ်ဦးကိုလည်း ကလေးများအနေဖြင့် အရစ်ကျဖြင့် ပြန်ရွေးခွင့်ပြုပေးရန် ဆရာမ Paweena က စာထဲတွင် မေတ္တာရပ်ခံထားခဲ့သည်။ 

မိသားစုနေထိုင်သည့် နေအိမ်နှင့် ပတ်သက်၍ ငွေချေးငှားသူကို တစ်လလျှင် ဘတ် (၇,၀၀၀) ပေးရန် သူမ၏ ကလေးများကို မှာကြားထားခဲ့သည်။

နောက်ထပ်ဆရာမတစ်ဦးဖြစ်သူ Lakkhana ၏ စာထဲတွင်မူ ၎င်းတို့နှင့် အတူမနေနိုင်တော့သည့်အတွက် သူမ၏ ကလေး (၂) ဦးကို တောင်းပန်ထားသည်။ 

သူမနှင့် ကလေးများ၏ အန်တီငယ်တို့က အစွမ်းကုန် ကြိုးပမ်းလုပ်ဆောင်ခဲ့ကြကြောင်း၊ သို့သော် ၎င်းတို့မှာ နောက်တစ်နေ့အထိ မစောင့်ဆိုင်နိုင်ကြတော့ဟု ဆရာမ Lakkhana က ရေးသားထားပြီး ကလေးများကို ကျန်းမာအောင်နေကြရန်လည်း ပြောထားသည်။

Bank for Agriculture and Agricultural Cooperatives ဘဏ်၏ ထရတ်ဘဏ်ခွဲတွင် အပ်ငွေရှိကြောင်းနှင့် ချေးငွေဌာန၏ ဘဏ်ဝန်ထမ်းတစ်ဦးကို ဆက်သွယ်ပြီး အကူအညီတောင်းရန် ကလေးများကို Lakkhana က မှာကြားထားခဲ့သည်။ 

ဆရာမ Paweena ၏ သားဖြစ်သူ အသက် (၂၃) နှစ်အရွယ် Jeerwat Ratchawong က မိခင်၏သတင်းကို ကြားသိရပြီးနောက် အခင်းဖြစ်ပွားရာ တံတားသို့ မွန်းလွဲ (၁၂) နာရီခွဲခန့်တွင် အလျင်အမြန် ရောက်လာခဲ့ကြောင်း သိရသည်။

မိခင်ဖြစ်သူ အိမ်ကနေ ထွက်ခွာမသွားမီ ဩဂုတ်လ (၁၆) ရက် နံနက်ပိုင်းအထိ မိခင်နှင့် ပုံမှန်အတိုင်း စကားပြောဖြစ်ခဲ့ကြသည်ဟု Jeerwat က ဆိုသည်။ 

ထို့နောက် နံနက် (၉) နာရီဝန်းကျင်တွင် မိခင်က ဖုန်းဆက်ပြီး နေမကောင်းဖြစ်နေသူ Jeerwat ကို ဆရာဝန်နှင့်ပြရန် ပြောခဲ့သေးကြောင်း သားဖြစ်သူက ပြန်ပြောပြသည်။

 မိခင်၏သတင်းကို ထရတ်ပြည်နယ် သတင်းများဖော်ပြနေသော Facebook စာမျက်နှာတစ်ခုကို ဖတ်ရှုမိပြီး မိခင်၏ ကားကို တံတားပေါ်တွင် တွေ့လိုက်ရာမှ သိရှိသွားခဲ့ခြင်းဖြစ်ကြောင်း Jeerwat က ပြောသည်။ 

ထို့နောက် တံတားသို့ ဆိုင်ကယ်ဖြင့် ချက်ချင်း ထွက်လာခဲ့သည်ဟု ဆိုသည်။

မိခင်ဖြစ်သူမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေမည့်လက္ခဏာများ မရှိခဲ့ကြောင်း၊ သို့သော် ၎င်း၏မိခင် အလိမ်ခံရသည်ကို သိရှိထားကြောင်း Jeerwat က ပြောသည်။ 

Jeerwat ထံတွင် ညီ (၂) ဦးလည်းရှိပြီး ထရတ်ပြည်နယ်ရှိ မူလတန်းကျောင်းတစ်ကျောင်းတွင် ပညာသင်ကြားနေကြသည်။ 

တံတားပေါ်မှ ခုန်ချသွားခဲ့သည့် ဆရာမ (၂) ဦးကို ကယ်ဆယ်ရေးအဖွဲ့က ဩဂုတ်လ (၁၆) ရက်နေ့ မွန်းလွဲ (၁၂) နာရီ (၄၅) မိနစ်ခန့်တွင် စတင်ရှာဖွေခဲ့ကြသည်။ 

စက်လှေ (၃) စီးဖြင့် တူးမြောင်းတစ်လျှောက် လိုက်လံရှာဖွေနေခဲ့ကြသော်လည်း ထိုနေ့ ညပိုင်းအထိ ပြန်ရှာမတွေ့သေးကြောင်း သိရသည်။

ဩဂုတ်လ(၁၇)ရက်နေ့ နေ့လည်ပိုင်းတွင် ထပ်မံသိရှိရသောသတင်းအရ တံတားပေါ်မှ ခုန်ချသွားသည့် ဆရာမတစ်ဦး၏ အလောင်းကို ဩဂုတ်လ (၁၆) ရက် ညပိုင်းနှင့် နောက်ဆရာမတစ်ဦး၏ အလောင်းကို ဩဂုတ်လ (၁၇) နံနက်ပိုင်းတွင် ပြန်ရှာတွေ့ခဲ့ဟု ဆိုသည်။

 



Source: Bangkok Post