အဂတိလိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ပြန်လွှတ်ရန် တရားရုံးချုပ်က အမိန့်ချမှတ်

အဂတိလိုက်စားမှု စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းခံရသည့် ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်းကို ပြန်လွှတ်ရန် တရားရုံးချုပ်က အမိန့်ချမှတ်
By Mr John

 ပါကစ္စတန်နိုင်ငံတွင် အဂတိလိုက်စားမှု စွဲချက်များဖြင့်  ဖမ်းဆီးထိန်းသိမ်းခံရသည့် ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်းကို ပြန်လွှတ်ရန် တရားရုံးချုပ်က မေလ (၁၁) ရက်နေ့တွင် အမိန့်ချလိုက်သည်။

ခန်းကို ၂၀၂၃ခုနှစ် မေလ (၉) ရက်နေ့တွင် အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ၎င်းအား ထောက်ခံသူများက နိုင်ငံတဝန်း ဆန္ဒပြ ဆူပူအုံကြွခဲ့ရာမှ လုံခြုံရေးတပ်ဖွဲ့နှင့် ထိပ်တိုက်တွေ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့မှုအတွင်း အနည်းဆုံး လူ (၉) ဦး သေဆုံးခဲ့သည်။ 

 ဝန်ကြီးချုပ်ဟောင်း အမ်ရန်ခန်း

နိုင်ငံတဝန်း ဆန္ဒပြ ဆူပူအုံကြွမှုများအတွင်း လူ (၂,၀၀၀) နီးပါးကို ဖမ်းဆီးခဲ့ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင် ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

ခန်း၏ PTI ပါတီ ဗဟိုကော်မတီမှ တာဝန်ရှိသူ အနည်းဆုံး (၈) ဦးကိုလည်း ဆန္ဒပြမှုများ စီစဥ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။ 

ဝန်ကြီးချုပ်ဟောင်းခန်းကို ဖမ်းဆီးမှုမှာ တရားမဝင်ကြောင်း ဆုံးဖြတ်လိုက်သည့် တရားရုံးချုပ်၏ ယခုဆုံးဖြတ်ချက်က ဝန်ကြီးချုပ်ဟောင်းခန်းအတွက် နိုင်ငံရေးနှင့် တရားရေးရာ သိသာထင်ရှားသော အနိုင်ရမှုတစ်ခု ဖြစ်သည်။ 

ထို့အတူ တရားရုံးချုပ်နှင့် ပါကစ္စတန်စစ်တပ်ကြား တိုက်ရိုက် ထိပ်တိုက်တွေ့မှုတစ်ခုလည်း ဖြစ်လာသည်။ 

ခန်းကို ဖမ်းဆီးမှု၏ နောက်ကွယ်တွင် စစ်တပ်က တွန်းအားပေးမှုရှိခဲ့ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ယူဆထားကြသည်။

ဝန်ကြီးချုပ်ဟောင်းခန်း၏ နိုင်ငံရေးပါတီက ၎င်းကို ဖမ်းဆီးမှုနှင့် ပတ်သက်၍ တရားရုံးချုပ်သို့ လျှောက်ထားခဲ့ပြီးနောက် တရားရုံးချုပ်က ခန်းကို မေလ (၁၁) ရက်နေ့တွင် တရားရုံးချုပ်သို့ ခေါ်ဆောင်လာရန် ရဲတပ်ဖွဲ့အား ညွှန်ကြားခဲ့သည်။ 

ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမှာ တရားမဝင်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းစဥ်တစ်ခုလုံးကို ပြန်လည်ရုပ်သိမ်းပြီး ဝန်ကြီးချုပ်ဟောင်းကို ပြန်လွှတ်ပေးရန် တရားရုံးချုပ်က စီရင်ချက်ချခဲ့သည်။

အသက် (၇၀) နှစ်အရွယ် ခန်းက ၂၀၁၈ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတော်အနေဖြင့် လက်ခံရရှိသည့် လက်ဆောင်ပစ္စည်းများကို တရားမဝင် ရောင်းချမှုအတွက် အပြစ်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က စစ်ဆေးတွေ့ရှိပြီးနောက် ၎င်းကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပရန်စီစဉ်ထား ရွေးကောက်ပွဲအထိ အစိုးရရာထူးတစ်နေရာ တာဝန်ယူခြင်းကို တားမြစ်ပိတ်ပင်ထားသည်။ 

မေလ (၉) ရက်နေ့တွင် ၎င်းကို ဖမ်းဆီးခဲ့ပြီးနောက် မေလ (၁၀) ရက်နေ့တွင် ထိုအမှုဖြင့် စွဲချက်တင်ခဲ့ကြောင်း သိရသည်။

ပါကစ္စတန်တွင် ဆန္ဒပြ ဆူပူအုံကြွမှုများ စတင်ဖြစ်ပွားခဲ့သည့် မေလ (၉) ရက်နေ့ကတည်းက မိုဘိုင်းဖုန်းအင်တာနက်လိုင်းများကို ပိတ်ထားပြီး ဝန်ကြီးချုပ်ဟောင်းခန်းကို ထောက်ခံမှုအားကောင်းသည့် Punjab နှင့် Khyber Pakhtunkhwa ပြည်နယ်တို့တွင် စစ်တပ်ချထားခဲ့သည်။ 

ခရစ်ကက် ကစားသမားဘဝမှ နိုင်ငံရေးသမားတစ်ဦးဖြစ်လာသူ ခန်းမှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် လွှတ်တော်၌ အယုံအကြည်မရှိအဆို မဲခွဲဆုံးဖြတ်မှုဖြင့် ဝန်ကြီးချုပ်ရာထူးမှ ဖယ်ရှားခံခဲ့ရသည်။

ထိုနောက်ပိုင်းတွင် ခန်းက လက်ရှိ ပါကစ္စတန်အစိုးရကို ဆန့်ကျင်ပြောဆိုမှုများ ဆက်တိုက်လုပ်ဆောင်နေခဲ့သည်။ 

၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက အစ္စလာမ်မာဘတ်မြို့သို့ ချီတက်ပြီး အထွေထွေရွေးကောက်ပွဲ စော၍ကျင်းပရန် ဆန္ဒပြတောင်းဆိုမှုကို ဝန်ကြီးချုပ်ဟောင်းခန်း ဦးဆောင်ပါဝင်ခဲ့စဉ် ၎င်း၏ ယာဉ်တန်း တိုက်ခိုက်ခံရပြီး ဒဏ်ရာရခဲ့သည်။ 

သို့သော် ခန်းက အစိုးရဆန့်ကျင်ရေး လှုပ်ရှားမှုများကို အရှိန်မပျက် ဆက်လက်လုပ်ဆောင်နေခဲ့သည်။

 

Source: Reuters, Bangkok Post

Photo: REUTERS/Akhtar Soomro, REUTERS/Fayaz Aziz,