ထိုင်းနိုင်ငံတွင်  တက္ကစီဈေးနှုန်းများ တိုးမြှင့်သတ်မှတ်

ထိုင်းနိုင်ငံတွင်  တက္ကစီဈေးနှုန်းများ တိုးမြှင့်သတ်မှတ်
ဇန်နဝါရီ 14, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်နှင့် အနီးတဝိုက်တွင် ပြေးဆွဲနေသည့် တက္ကစီများအတွက် ငှားရမ်းခ‌ဈေးနှုန်းအသစ်များကို အစိုးရက အတည်ပြုလိုက်ပြီး ပထမဆုံး ကီလိုမီတာအတွက် ဘတ် (၄၀) မှ စတင်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်းအစိုးရက တက္ကစီများ၏ ငှားရမ်းစီးနင်းခ ‌ဈေးနှုန်းများကို လက်ရှိ (၃၅) ဘတ်မှကနေ ဘတ်(၄၀)က စတင်ပြီး တိုးမြှင့်လိုက်ခြင်းသည် (၈) နှစ်အတွင်း ပထမတဆုံးအကြိမ် တိုးမြှင့်သတ်မှတ်လိုက်ခြင်းလည်း ဖြစ်သည်။

တက္ကစီမီတာများကို ပြင်ဆင်သွားမည်ဖြစ်ပြီး ဘန်ကောက်မြို့မှ နေရာ (၂) ခုတွင် ဇန်နဝါရီလ (၁၆) ရက်နေ့မှစ၍ ဈေးနှုန်းအသစ် စတင်မည်ဟု ဆိုသည်။ 

တက္ကစီမောင်းသူများအ‌နေဖြင့် တက္ကစီမီတာများကို Bang Sue Grand Station သို့မဟုတ် Krung Thep Abhiwat Central Terminal တို့တွင် ဖေဖေါ်ဝါရီ (၂၈) ရက်နေ့အထိ ပြင်ဆင်နိုင်မည်ဖြစ်ကြောင်း ကုန်းလမ်းသယ်ယူပို့ဆောင်ရေးဌာန Department of Land Transport (DLT) က ပြောသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနက ဇန်နဝါရီလ (၁၂) ရက်နေ့မှစပြီး ဘန်ကောက်၊ စမွတ်ပရာကန်နှင့် နွန်သာဘူရီတို့တွင် တက္ကစီအသေးနှင့် အကြီးများအတွက် ငှားရမ်းခ ဈေးနှုန်းများကို တရားဝင် တိုးမြှင့်လိုက်ကြောင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် Anucha Burapachaisri က ဇန်နဝါရီလ (၁၃) ရက်တွင် အတည်ပြုသည်။ 

ငွေကြေးဖောင်းပွမှုနှင့် အခြား စိန်‌ခေါ်မှုများကြား ငွေကြေးအခက်အခဲကြုံရသည့် တက္ကစီမောင်းသူများ နှစ်နှင့်ချီကြာ တောင့်ခံခဲ့ကြသည်ကို ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာက အသိအမှတ်ပြု သိရှိထားသည်ဟုလည်း ၎င်းကဆိုသည်။

ဇန်နဝါရီလ (၁၂) ရက်နေ့က Royal Gazette တွင် ထုတ်ပြန်ကြေညာခဲ့သည့် တက္ကစီဈေးနှုန်းအသစ်များအရ ပထမဆုံး ကီလိုမီတာအတွက် ဘတ် (၄၀) ဖြစ်ပြီး ဒုတိယ ကီလိုမီတာမှ (၁၀) ကီလိုမီတာအထိကို (၆.၅၀) ဘတ်စီ ကျသင့်မည်ဖြစ်သည်။ 

ထို့နောက် (၁၁) ကီလိုမီတာမှ (၂၀) ကီလိုမီတာအထိကို (၇) ဘတ်စီ၊ (၂၀) ကီလိုမီတာမှ (၄၀) ကီလိုမီတာအထိကို (၈) ဘတ်စီ၊ (၄၀) ကီလိုမီတာမှ (၆၀) ကီလိုမီတာအထိကို (၈.၅) ဘတ်စီ၊ (၆၀) ကီလိုမီတာမှ (၈၀) ကီလိုမီတာအထိကို (၉) ဘတ်စီနှင့် (၈၀) ကီလိုမီတာအထက်ကို (၁၀.၅၀) ဘတ်စီ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

ဆက်သွယ်ရေးစင်တာမှ တစ်ဆင့် ငှားရမ်းခေါ်ယူသည့် တက္ကစီများအတွက် ဝန်ဆောင်ခအဖြစ် နောက်ထပ် ဘတ် (၂၀) ကျသင့်မည်ဟု ဆိုသည်။ 

ထိုင်းအစိုးရ၏ ကြေညာချက်အရ ဒွန်မောင်းနှင့် သုဝဏ္ဏဘူမိ လေဆိပ်များတွင် မှတ်ပုံတင်ထားသည့် တက္ကစီများက ခရီးသည်ထံမှ ဘတ် (၅၀) အပိုကောက်ခံခွင့် ရှိကြောင်းလည်း သိရသည်။

Source: Bangkok Post