ဥရောပတွင် အပူလှိုင်းပြင်းထန်နေဆဲဖြစ်ပြီး ပြင်သစ်၊ စပိန်၊ ပေါ်တူဂီတို့တွင် တောမီးလောင်မှုများ အားကောင်းနေ

ဥရောပတွင် အပူလှိုင်းပြင်းထန်နေဆဲဖြစ်ပြီး ပြင်သစ်၊ စပိန်၊ ပေါ်တူဂီတို့တွင် တောမီးလောင်မှုများ အားကောင်းနေ
ဇူလိုင် 18, 2022 | နိုင်ငံတကာသတင်း
By Mr John

အပူလှိုင်းဖြတ်သန်းမှုနှင့်အတူ စပိန်၊ ဂရိ၊ ပေါ်တူဂီနှင့် ပြင်သစ်အပါအဝင် နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကြီးမားသည့် တောမီးလောင်မှုများကို ထိန်းချုပ်ရန် ဥရောပတောင်ပိုင်းတစ်လျှောက် ထောင်နှင့်ချီသည့် မီးသတ်သမားများ ရုန်းကန်နေရသည်။ 

ထိုနိုင်ငံများတွင် အပူချိန်များ မြင့်တက်နေမှုအတွင်း တောမီးအန္တရာယ်ကြောင့် ဇူလိုင်လ (၁၇) ရက်နေ့အထိ လူဦးရေ ထောင်နှင့်ချီ ရွှေ့ပြောင်းခဲ့ကြရသည်။

စပိန်နှင့်နယ်စပ်အနီး ပေါ်တူဂီမြောက်ပိုင်းရှိ Foz Coa နယ်မြေတွင် တောမီးငြှိမ်းသတ်နေစဥ် ရေကြဲချသည့် လေယာဥ်တစ်စီး ပျက်ကျွန်မှုကြောင့် လေယာဥ်မှူးတစ်ဦး သေဆုံးခဲ့သည်။ 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း အပူဒဏ်ကြောင့် အနည်းဆုံး လူ (၂၃၈) ဦး သေဆုံးခဲ့ကြောင်း ပေါ်တူဂီအာဏာပိုင်များ၏ ပြောကြားသည်ဟု BBC သတင်းဌာန၏ ဇူလိုင်လ (၁၇) ရက် သတင်းတစ်ရပ်တွင် ဖော်ပြသည်။ 

ထိုအတောအတွင်း ပြင်သစ်နိုင်ငံ၏ အနောက်တောင်ပိုင်း Gironde နယ်မြေတွင် တောမီးများ ကူးစက်ပျံ့နှံ့နေပြီး လူဦးရေ (၁၄,၀၀၀) ကျော် ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

မီးသတ်သမား (၁,၂၀၀) ကျော်က တောမီးကို ထိန်းချုပ်ရန် ကြိုးပမ်းနေကြကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ဇူလိုင်လ (၁၂) ရက်မှစပြီး ပေါ်တူဂီတွင် အပူချိန်များ (၄၇) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်ခဲ့ပြီး စပိန်တွင် (၄၀) ဒီဂရီဆဲလ်စီးယပ်အထက် မြင့်တက်ခဲ့ကြောင်းနှင့် ထိုနိုင်ငံများတွင် ဖြစ်ပွားနေသည့် တောမီးလောင်မှုများကို ပိုမိုဆိုးရွားလာစေခဲ့သည်။ 

ပေါ်တူဂီမိုးလေဝသဌာနက အပူချိန်များမှာ လာမည့် သီတင်းပတ်အတွင်း ကျဆင်းမသွားမီ (၄၀) ဒီဂရီဆဲလ်စီးယပ်အထက်တွင် ဆက်ရှိနေမည်ဟု အသိပေးထားသည်။ 

ဥရောပတွင် အပူလှိုင်း လျော့ကျသွားမည့်လက္ခဏာ မရှိသေးဘဲ ဗြိတိန်မိုးလေဝသဌာနက ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်တို့အတွက် အင်္ဂလန်နိုင်ငံ၏ နေရာများတွင် အနီရောင်အဆင့် အပူချိန်လွန်ကဲမှု သတိပေးချက် ထုတ်ပြန်ထားခဲ့သည်။

 "ထူးခြားသော စံချိန်တင်မှု ဖြစ်ကောင်းဖြစ်နိုင်သော အပူချိန်များ တနင်္လာနေ့ (ဇူလိုင်လ ၁၈ ရက်) မှာ ကြုံရနိုင်ပြီး အင်္ဂါနေ့ (ဇူလိုင်လ ၁၉ ရက်) မှာ ထပ်ကြုံနိုင်တယ်" ဟု ဗြိတိန်မိုးလေဝသဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အနီရောင်အဆင့် အပူချိန်လွန်ကဲမှု  သတိပေးချက်အရ အပူချိန်များမှာ (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နိုင်ပြီး လုပ်ငန်းခွင်များ အလုပ်လုပ်ကိုင်မှုနှင့် နေ့စဥ် လုပ်ရိုးလုပ်စဥ်များကို ပြောင်းလဲရန်လိုအပ်ကြောင်း Met Office က ပြောသည်။ 

ဗြိတိန်၏ အမြင့်ဆုံး စံချိန်တင်အပူချိန်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့က Cambridge University Botanic Garden တွင် အပူချိန် (၃၈.၇) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

Source: BBC, Reuters

Photo: AFP, ASHLEY BAKER, REUTERS/Sarah Meyssonnier, REUTERS/Jon Nazca, REUTERS/Isabel Infantes