နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းအရပ်သား (၁၃) ဦး သေဆုံး

Photo: REUTERS
Photo: REUTERS
နျူကလီးယားဓာတ်အားပေးစက်ရုံအနီး ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းအရပ်သား (၁၃) ဦး သေဆုံး
သြဂုတ် 11, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့များက ၎င်းတို့ ထိန်းချုပ်ထားသည့် ယူကရိန်း၏ နျူကလီးယားဓာတ်အားပေးစက်ရုံကို ခြေကုပ်ယူကာ အနီးအနားရှိ မြို့တစ်မြို့ကို ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သား (၁၃) ဦး သေဆုံးခဲ့ပြီး (၁၁) ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းက ပြောသည်။ 

ပြီးခဲ့သည့် မတ်လအတွင်း ရုရှားတပ်ဖွဲ့များ သိမ်းပိုက်ခဲ့သည့် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံအနီး တိုက်ခိုက်မှုများ ဖြစ်ပွားနေမှုကြောင့် နျူကလီးယားဘေးအန္တရာယ်ကို စိုးရိမ်ပူပန်မှုများလည်း မြင့်တက်နေခဲ့သည်။

ဩဂုတ်လ (၉) ရက်နေ့ ညပိုင်းတွင် နိုင်ငံအလယ်ပိုင်း Dnipropetrovsk နယ်မြေရှိ Marhanets မြို့ကို ရုရှားက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုအတွင်း ဒဏ်ရာရခဲ့သူများအနက် (၅) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်းလည်း သိရသည်။ 

နယ်မြေအုပ်ချုပ်ရေးမှူး Valentin Reznichenko က ကြောက်မက်ဖွယ်ရာ ညတစ်ညဖြစ်ကြောင်း  Telegram တွင် ရေးသားထားပြီး လေကြောင်းအချက်ပေးဥဩသံ ကြားရချိန်တွင် အကာအကွယ်ယူကြရန် ဒေသခံများကို တိုက်တွန်းခဲ့သည်။

"ကျွန်တော် ခင်ဗျားတို့ကို တောင်းပန်ပါတယ်။ ရုရှားတွေသတ်တာ မခံရပါစေနဲ့" ဟု ၎င်းက Telegram တွင် ရေးသားထားပြီး ရုရှားတပ်ဖွဲ့များက စုစုပေါင်း ဒုံးကျည်အစင်းရေ (၈၀) ပစ်လွှတ်တိုက်ခိုက်ခဲ့သည်ဟု ပြောခဲ့သည်။ 

ယခုတိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံမှာ ဥရောပတွင် အကြီးဆုံးလည်း ဖြစ်သည်။

ထိုနျူကလီးယားဓာတ်အားပေးစက်ရုံနှင့် အနီးတဝိုက် တိုက်ခိုက်မှုများက နျူကလီးယားဘေးအန္တရာယ် အလွန်များကြောင်း ကုလသမဂ္ဂ၏ နျူကလီးယားစောင့်ကြည့်အဖွဲ့ International Atomic Energy Agency (IAEA) က ဩဂုတ်လ (၆) ရက်နေ့တွင် သတိပေးထားပြီး ထိုစက်ရုံအနီး စစ်ရေးလှုပ်ရှားမှုမှန်သမျှ ချက်ချင်း ရပ်တန့်ကြရန် တိုက်တွန်းထားသည်။

ရုရှားတပ်ဖွဲ့များက Zaporizhzhia နျူကလီးယားဓာတ်အားပေးစက်ရုံကို ဩဂုတ်လ (၅) ရက်နှင့် ဩဂုတ်လ (၆) ရက်နေ့ ညပိုင်းတွင် ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကြီးမားသည့် အပျက်အစီးများ ဖြစ်ပေါ်ခဲ့ကြောင်းနှင့် အသုံးပြုပြီး နျူကလီးယားလောင်စာဆီများကို သိမ်းဆည်းထားသည့် ကွန်တိန်နာ (၁၇၄) လုံးထားရှိသော နေရာကိုလည်း ထိမှန်သွားခဲ့ကြောင်း Energoatom စွမ်းအင်ကုမ္ပဏီက Telegram တွင် အသိပေး ပြောထားသည်။

Source: AFP, Reuters