Twitter တွင် ဆက်နေလိုပါက အလုပ်ချိန်ရှည်ကြာစွာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမည်ဟု အီလွန်မက်စ်က ဝန်ထမ်းများကိုပြော

Twitter တွင် ဆက်နေလိုပါက အလုပ်ချိန်ရှည်ကြာစွာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရမည်ဟု အီလွန်မက်စ်က ဝန်ထမ်းများကိုပြော
နိုဝင်ဘာ 18, 2022 | နိုင်ငံတကာသတင်း
By Mr John

Twitter ပိုင်ရှင်သစ် အီလွန်မက်စ်က ဝန်ထမ်းများကို အလုပ်ချိန်ရှည်ကြာစွာ ပြင်းပြင်းထန်ထန် အလုပ်လုပ်ရန် ကတိပြု အာမခံရမည်ဖြစ်ပြီး ထိုသို့ မဟုတ်ပါက ကုမ္ပဏီမှထွက်ရန် ပြောခဲ့ကြောင်း သတင်းများက ဖော်ပြသည်။ 

အီလွန်မက်စ်က ဝန်ထမ်းများထံသို့ ပေးပို့ထားသည့် အီးလ်မေးတစ်စောင်တွင် ဝန်ထမ်းများအနေဖြင့် ကုမ္ပဏီတွင် ဆက်ရှိနေလိုပါက ထိုသို့ ကတိကဝတ်ပြုရန် သဘောတူသင့်ကြောင်း ပြောထားသည်ဟု Washington Post သတင်းက ဆိုသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ နောက်ဆုံးထားပြီး သဘောတူကြောင်း လက်မှတ်မထိုးသည့် ဝန်ထမ်းများကို (၃) လစာပေး၍ အလုပ်ထုတ်မည်ဟုလည်း အီလွန်မက်စ်က ပြောထားသည်။ 

The Guardian သတင်းဌာနကလည်း မြင်တွေ့ခဲ့သည့် ၎င်း၏ အီးလ်မေးတွင် Twitter အနေဖြင့် အောင်မြင်စေရန် အလွန်အမင်း အပြင်းအထန်လုပ်ရန် လိုအပ်လိမ့်မည်ဟု အီလွန်မက်စ်က ဆိုသည်။

Twitter အသစ်၏ အစိတ်အပိုင်းဖြစ်လိုပါက နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာရီ နောက်ဆုံးထားပြီး အီးလ်မေးတွင် ပါဝင်သည့် link ကို နှိပ်ရန် လိုအပ်ကြောင်း ဝန်ထမ်းများကို ပြောထားသည်။ 

မည်သည့် ဆုံးဖြတ်ချက်ကို လုပ်သည်ဖြစ်စေ Twitter အောင်မြင်စေရန် အားထုတ်ကြိုးပမ်းမှုများအတွက် ကျေးဇူးတင်ကြောင်းလည်း အီလွန်မက်စ်က ဖြည့်စွက်ပြောထားသည်။

Twitter ကို အီလွန်မက်စ်က အမေရိကန်ဒေါ်လာ (၄၄) ဘီလီယံဖြင့် ဝယ်ယူခဲ့ပြီးနောက် အမှုဆောင်အရာရှိချုပ် အပါအဝင် ထိပ်တန်းအရာရှိများကို ရာထူးမှ ချက်ချင်း ထုတ်ပယ်ခဲ့သည်။ ထို့နောက် ဝန်ထမ်းအင်အားထက်ဝက်ကို အလုပ်ထုတ်ခဲ့သည်။ 

မကြာသေးမီကမူ Twitter ၏ အရေးအပါဆုံး အကြီးတန်းအရာရှိများ ဆက်တိုက် အလုပ်ထွက်မှုများ ရှိလာခဲ့သည်။ 

Twitter ပိုင်ရှင်သစ် အီလွန်မက်စ်ကလည်း ကုမ္ပဏီ ဒေဝါလီခံရနိုင်သည့် ဖြစ်နိုင်ခြေကို နိုဝင်ဘာလ (၁၀) ရက်နေ့တွင် ဝန်ထမ်းအားလုံးကို သတိပေးထားကြောင်း သိရသည်။

Twitter မှာ တစ်ရက်လျှင် ဒေါ်လာ (၄၄) သန်းကျော် အရှုံးပေါ်နေသည်ဟု အီလွန်မက်စ်က ဆိုသည်။ 

Twitter တွင် အကြွေးပမာဏ ဒေါ်လာ (၁၃) ဘီလီယံ ပေးဆပ်ရန်ရှိနေပြီး လာမည့် (၁၂) လအတွင်း အတိုး ဒေါ်လာ (၁.၂) ဘီလီယံ ပေးရမည်ဖြစ်သည်။ 

ပေးဆပ်ရန်ရှိနေသည့် ငွေပမာဏမှာ မကြာသေးမီက Twitter က ထုတ်ပြန်ထားသော ဇွန်လကုန်အထိ ငွေကြေးစီးဆင်းလည်ပတ်မှုပမာဏ ဒေါ်လာ (၁.၁) ဘီလီယံထက် ကျော်လွန်နေခဲ့ကြောင်း သိရသည်။

Source: BBC