ဗြိတိန်တွင် အပူလွန်ကဲမှု အခြေအနေကို အနီရောင်အဆင့်  သတိပေးချက်ထုတ်ပြန် 

Photo: REUTERS/Toby Melville
Photo: REUTERS/Toby Melville
ဗြိတိန်တွင် အပူလွန်ကဲမှု အခြေအနေကို အနီရောင်အဆင့်  သတိပေးချက်ထုတ်ပြန် 
ဇူလိုင် 16, 2022 | နိုင်ငံတကာသတင်း
By Mr John

 ဗြိတိန်မိုးလေဝသဌာန Met Office က အင်္ဂလန်နိုင်ငံ၏ နေရာများအတွက် အပူချိန်များ စံချိန်တင် မြင့်တက်နိုင်သော လာမည့်သီတင်းပတ် တနင်္လာနေ့နှင့် အင်္ဂါနေ့ (ဇူလိုင်လ ၁၈ ရက်နှင့် ၁၉ ရက်) တို့အတွက် အနီရောင်အဆင့် အပူချိန်လွန်ကဲမှု သတိပေးချက် ထုတ်ပြန်ခဲ့သည်။ 

Met Office က အပူချိန်လွန်ကဲမှုနှင့် ပတ်သက်၍ အရေးပေါ်အဖြစ် ဇူလိုင်လ (၁၅) ရက်နေ့တွင် ကြေညာခဲ့ကြောင်း Reuters သတင်းက ဖော်ပြသည်။ 

"ထူးခြားသော စံချိန်တင်မှု ဖြစ်ကောင်းဖြစ်နိုင်သော အပူချိန်များ တနင်္လာနေ့ (ဇူလိုင်လ ၁၈ ရက်) မှာ ကြုံရနိုင်ပြီး အင်္ဂါနေ့ (ဇူလိုင်လ ၁၉ ရက်) မှာ ထပ်ကြုံနိုင်တယ်" ဟု ဗြိတိန်မိုးလေဝသဌာနဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အပူချိန်လွန်ကဲမှုမှာ အသက်အန္တရာယ်ရှိပြီး ခုခံအားနည်းသော ထိခိုက်လွယ်သူများအတွက် နာမကျန်းဖြစ်နိုင်သည့်အန္တရာယ်ရှိသည်ဟု ဆိုသည်။ 

အနီရောင်အဆင့် အပူချိန်လွန်ကဲမှု သတိပေးချက်မှာ လန်ဒန်မြို့နှင့် အင်္ဂလန်အလယ်ပိုင်း နေရာများအတွက် အကျုံးဝင်ကြောင်း သိရသည်။ 

ဗြိတိန်တွင် ညပိုင်းအပူချိန်များလည်း အထူးသဖြင့် မြို့ပြဧရိယာများ၌ ပုံမှန်ထက် မြင့်တက်နေနိုင်ကြောင်း Met Office က ခန့်မှန်းထားသည်။ 

အပူချိန်များ မြင့်တက်မှုက ခရီးသွားလာမှုနှင့် အခြေခံအဆောက်အအုံများကို ထိခိုက်သက်ရောက်နိုင်သလို လူအများ၏ နေ့စဥ်ဘဝကို အခက်အခဲဖြစ်စေနိုင်သည်။

အနီရောင်အဆင့် အပူချိန်လွန်ကဲမှု  သတိပေးချက်အရ အပူချိန်များမှာ (၄၀) ဒီဂရီဆဲလ်စီးယပ်သို့ မြင့်တက်နိုင်ပြီး လုပ်ငန်းခွင်များ အလုပ်လုပ်ကိုင်မှုနှင့် နေ့စဥ် လုပ်ရိုးလုပ်စဥ်များကို ပြောင်းလဲရန်လိုအပ်ကြောင်း Met Office က ပြောသည်။

 ဗြိတိန်တဝန်းတွင် လာမည့်သီတင်းပတ် အစပိုင်း၌ ပူနွေးနေမည်ဟု ခန့်မှန်းထားသည်။ 

စကော့တလန်နှင့် မြောက်အိုင်ယာလန်တွင် အပူချိန်များ (၃၀) ဒီဂရီဆဲလ်စီးယပ် ဖြစ်နိုင်ပြီး အင်္ဂလန်၏နေရာများနှင့် ဝေးလ်တို့တွင်မူ အပူချိန်များ (၃၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်နိုင်ကြောင်း ခန့်မှန်းထားကြောင်း သိရသည်။

ဗြိတိန်တွင် အပူချိန်လွန်ကဲမှု သတိပေးစနစ်ကို အဆင့် (၄) ဆင့် ခွဲခြားသတ်မှတ်ပြီး ၂၀၂၁ ခုနှစ်တွင် စတင်ကျင့်သုံးခဲ့ပြီးနောက် ပထမဆုံးအကြိမ် အနီရောင်အဆင့် (အဆင့် ၄) သတိပေးချက်အဖြစ် ထုတ်ပြန်ရခြင်းလည်း ဖြစ်လာသည်။ 

ဗြိတိန်၏ အမြင့်ဆုံး စံချိန်တင်အပူချိန်မှာ ၂၀၁၉ ခုနှစ် ဇူလိုင်လ (၂၅) ရက်နေ့က Cambridge University Botanic Garden တွင် အပူချိန် (၃၈.၇) ဒီဂရီဆဲလ်စီးယပ်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ထိုအတောအတွင်း ဥရောပတွင် အပူချိန်လှိုင်းဖြတ်ပြီ အပူချိန်များ မြင့်တက်နေမှုကြောင့် ပြင်သစ်၊ စပိန်နှင့် ပေါ်တူဂီနိုင်ငံတို့တွင် တောမီးလောင်မှုများ ဖြစ်ပွားနေပြီး နောက်ထပ် လူဦးရေ ရာနှင့်ချီပြီး ၎င်းတို့၏ နေအိမ်များမှ ဇူလိုင်လ (၁၅) ရက်နေ့၌ ရွှေ့ပြောင်းကြရသည်။ 

ဥရောပတာဝန်ရှိသူများက လာမည့် ရက်များအတွင်း အပူလှိုင်းအတွက် ကျန်းမာရေးသတိပေးချက်များ ထုတ်ပြန်ထားကြောင်းလည်း သိရသည်။

Source: Reuters, BBC