ယူကရိန်းအရေး ဆွေးနွေးအဖြေရှာရေးအပါအဝင် ရုရှား- တရုတ် နှစ်ဖက်သဘောတူညီချက်ထုတ်ပြန်

ယူကရိန်းအရေး ဆွေးနွေးအဖြေရှာရေးအပါအဝင် ရုရှား- တရုတ် နှစ်ဖက်သဘောတူညီချက်ထုတ်ပြန်
By Mr John

ရုရှားနိုင်ငံ၊ မော်စကိုရှိ ကရင်မလင်နန်းတော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့က ယူကရိန်းအရေး ဆွေးနွေးအဖြေရှာရေးအပါအဝင် နှစ်ဖက်ဆွေးနွေးသဘောတူထုတ်ပြန်ချက်ကို ဒေသစံတော်ချိန် ၂၀၂၃ ခုနှစ် မတ်လ (၂၁) ရက် (အင်္ဂါနေ့)တွင် ထုတ်ပြန်ကြေညာသွားသည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲခဲ့သည့် ရုရှားသမ္မတပူတင်ကို ယူကရိန်းမှကလေးငယ်များအား ဖမ်းဆီးခေါ်ဆောင်သွားမှုဖြင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး International Criminal Court (ICC) က စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်လိုက်ပြီး ရက်ပိုင်းအကြာတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်က ရုရှားခရီးစဉ်စတင်လိုက်ခြင်းဖြစ်သည်။

ရှီကျင့်ဖျင်၏ ရုရှားခရီးစဥ်က ရုရှားကို နောက်ထပ် ရာဇဝတ်မှုများကျူးလွန်ရန်  တရုတ်က သံတမန်ရေးအရ အကာအကွယ်ပေးနေကြောင်း ပြသလိုက်ခြင်းဖြစ်သည်ဟု အမေရိကန်က ရှုတ်ချပြောဆိုလိုက်သည်။ 

ရုရှားခရီးစဥ်မှာ ရှီကျင့်ဖျင်က တတိယမြောက် သမ္မတသက်တမ်းကို မတ်လအစောပိုင်းတွင် ဆက်လက်ရယူခဲ့ပြီးနောက် ၎င်း၏ ပထမဆုံး ပြည်ပခရီးစဥ်လည်း ဖြစ်သည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်က  မတ်လ (၂၀) ရက်နေ့တွင် ရုရှားသို့ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းနေ့မှာပင် ပူတင်နှင့် အလွတ်သဘောဆွေးနွေးခဲ့ကြကာ မတ်လ (၂၁) ရက်နေ့တွင် နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်ပြုလုပ်ခဲ့ကြရာတွင် ယူကရိန်းတွင် အပစ်အခတ်ရပ်စဲရေး တရုတ်၏ အဆိုပြုချက်ကို ဆွေးနွေးခဲ့ကြကြောင်းလည်း သိရသည်။

ယူကရိန်းပဋိပက္ခဖြေရှင်းရေး တရုတ်နိုင်ငံ၏ အဆိုပြုချက်ကို အလေးထား အသိအမှတ်ပြုကြောင်း ပူတင်က ရှီကျင့်ဖျင်ကို ပြောခဲ့ပြီး ရှီကျင့်ဖျင်ကလည်း ပူတင်ကို ချီးမွမ်းလိုက်ကာ နောက်လာမည့်‌ ရွေးကောက်ပွဲတွင်လည်း ရုရှားပြည်သူများက သမ္မတအဖြစ် ပြန်လည်ရွေးချယ်ကြလိမ့်ဟု ဆိုထားသည်။

တရုတ်၏ ငြိမ်းချမ်းရေးအဆိုပြုချက်နှင့် ပတ်သက်၍ ရှီကျင့်ဖျင်က ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးထံ ဆက်သွယ်ဆွေးနွေးလာမည့်ကိစ္စကို အတည်ပြုရန် ယူကရိန်းဘက်က စောင့်ဆိုင်းနေဖြစ်ကြောင်း သိရသည်။

"ဒါက အရေးပါတဲ့ လုပ်ဆောင်မှုတစ်ခု ဖြစ်ပါလိမ့်မယ်။ သူတို့မှာ တစ်ယောက်ကိုတစ်ယောက် ပြောစရာကိစ္စတွေရှိပါတယ်" ဟု ယူကရိန်း ဒုတိယဝန်ကြီးချုပ် Iryna Vereshchuk က အီတလီသတင်းစာ Cooriere della Sera ကို မတ်လ (၂၁) ရက်နေ့တွင် ပြောခဲ့သည်။ 

ရုရှားက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဥ်အတွက် အစီအစဥ်များကို လနှင့်ချီ၍ လူသိရှင်ကြား လုပ်ဆောင်နေခဲ့ခြင်းဖြစ်သည်။

သို့သော် ICC တရားရုံးက ပူတင်ကို စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ပြီးနောက် ရုရှားကိုလာရောက်ခဲ့သည့် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခရီးစဥ်အချိန်မှာ ပုဂ္ဂိုလ်ရေးအရ အားပေးထောက်ခံမှု အဓိပ္ပါယ်ဖြစ်လာခဲ့ခြင်းဖြစ်သည်။ 

စစ်ပွဲအတွင်း ယူကရိန်းမှ ကလေးငယ်များကို ရုရှားသို့ ခေါ်ဆောင်သွားမှုအတွက် ပူတင်ကို ICC က စစ်ရာဇဝတ်မှုများဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်သည်။

ရုရှားဘက်ကမူ အဆိုပါကလေးငယ်များကို ကာကွယ်စောင့်ရှောက်ရန် မိဘမဲ့ကလေးဂေဟာများသို့ ခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်ဟုဆိုကာ ICC စွဲချက်များကို ငြင်းဆိုလိုက်ပြီး  ICC ၏ ရှေ့နေနှင့် တရားသူကြီးများကို ရာဇဝတ်မှုဖြင့် အမှုဖွင့်လိုက်ကြောင်း သိရသည်။  

တရုတ်အစိုးရကလည်း ICC ၏ဖမ်းဝရမ်းမှာ ခွဲခြားဆက်ဆံသည့် မမျှတမှုကို ထင်ဟပ်သည်ဟု ဆိုထားသည်။

ရုရှားသမ္မတပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ မော်စကိုမြို့တွင် တွေ့ဆုံဆွေးနွေးနေစဥ် ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါက ပိုလန်နိုင်ငံမှတစ်ဆင့် ယူကရိန်းသို့ သွားရောက်ခဲ့ကြောင်း သိရသည်။ 

ဂျပန်သတင်းဌာန NHK က ပိုလန်နယ်စပ်မြို့တစ်မြို့တွင် ယူကရိန်းမြို့တော် ကိဗ်မြို့သို့သွားရောက်ရန် ရထားတစ်စီးပေါ်သို့ တက်ရောက်နေသည့် ဂျပန်ဝန်ကြီးချုပ်ကီရှီဒါကို ထုတ်လွှင့်ပြသခဲ့ပြီး ယူကရိန်းအတွက် စည်းလုံးညီညွတ်မှုနှင့် အားပေးထောက်ခံမှုကို ပြသခဲ့သည်။ 

ဂျပန်ဝန်ကြီးချုပ်ကီရှီဒါနှင့် ယူကရိန်းသမ္မတဇီလန်းစကီးတို့ တွေ့ဆုံကြမည်ဟု ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ (၂၁) ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။



Source: Reuters