လာအိုနိုင်ငံမှ နေရပ်ပြန်လိုသူ မြန်မာလုပ်သား (၄၄၆)ဦး၏ စာရင်းများ သံရုံးသို့ ဆက်လက် တင်ပြနိုင်ရန် လာအိုဘက်က လုပ်ဆောင်နေပြီး ခွင့်ပြုချက်ကျလာပါက မြန်မာဘက်က လက်ခံပေးနိုင်ရန်သာ အဓိက ဖြစ်နေ

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသူ မြန်မာလုပ်သား (၄၄၆)ဦး၏ စာရင်းများ သံရုံးသို့ ဆက်လက် တင်ပြနိုင်ရန် လာအိုဘက်က လုပ်ဆောင်နေပြီး ခွင့်ပြုချက်ကျလာပါက မြန်မာဘက်က လက်ခံပေးနိုင်ရန်သာ အဓိက ဖြစ်နေ

တာချီလိတ်မြို့နှင့်အနီး လာအိုနိုင်ငံအတွင်း ရွှေတြိဂံစီးပွားရေးအထူးဇုန်ရှိ မြန်မာ(ရခိုင်)ရွာမှ နေရပ်ပြန်ရန် စာရင်းပေးသွင်းထားသူများမှာ (၄၄၆)ဦးရှိနေပြီး အမြန်ဆုံးပြန်နိုင်ရန်အတွက် လာအိုဘက်က ဆောင်ရွက်နေသော်လည်း ပြန်လည် လက်ခံပေးရေးမှာ မြန်မာဘက်က အဓိက ဖြစ်ကြောင်း သိရသည်။

စာရင်းတင်လာတာက  (၄၄၆)ယောက်ရှိတယ်။ ဒီတနင်္လာနေ့(ဇူလိုင် ၁၂)မှာ သံရုံးကို တင်ပြမယ်။  အမြန်ပြန်နိုင်အောင် ကြိုးစားပေးမယ်။

ဟု လာအိုနိုင်ငံဘက် ဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရွှေတြိဂံစီးပွားရေးအထူးဇုန်ဘက်က တင်ပြလာသည့် အမည်စာရင်းများကို ဇူလိုင်လ(၁၂)ရက်နေ့တွင်  လာအိုနိုင်ငံရှိ သံရုံးသို့ တင်ပြပေးသွားမည်ဖြစ်ပြီး စာရင်းပြန်ကျလာပါက မြန်မာဘက်က လက်ခံပေးနိုင်ရန်သာ အဓိက ဖြစ်ကြောင်း သိရသည်။

အခုလောလောဆယ် ခက်တာက နေရပ်ပြန်လိုတဲ့သူတွေကို ဟိုဖက်(မြန်မာဖက်)က လက်မခံသေးတာ၊ ဒီဖက်(လာအို)ဘက်က ဘာမှမဖြစ်ဘူး။  ရှမ်းပြည်နယ်အစိုးရက ခေတ္တခဏ ရပ်ဆိုင်းထား ထားတာ။ ပြီးခဲ့တဲ့ တစ်ပတ်တုန်းကဆိုလည်း လာအိုမှာ ထောင်ထွက်လာတဲ့သူကို ပြန်လွဲဖို့  မြန်မာဘက်ကို လက်ခံပေးရေး တင်ပြတာ (၂)ပတ်ကျော်လောက်ကြာတယ် အဲ့ဒါကြောင့် အခက်အခဲ နည်နည်းဖြစ်နေတာ ဒီဖက်ကတော့ အမြန်ပြန်နိုင်ရေးအတွက် ဆောင်ရွက်ပေးနေပါတယ်။

ဟု လာအိုဖက် အစိုးရဌာနမှ တာဝန်ရှိသူတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၁၀)ရက်နေ့က ပြောသည်။

နေရပ် ပြန်နိုင်ရန်အတွက်  ရခိုင်ရွာအလုပ်သမားရုံး(ခ)အုပ်ချုပ်ရေးရုံးတွင် ၂၀၂၁ခုနှစ် ဇွန်လ(၂၀)ရက်နေ့မှ ဇွန်လ(၂၂)ရက်နေ့အထိ အမည်စာရင်းကို ကောက်ခံခဲ့ခြင်းဖြစ်ပြီး စာရင်းမှာ (၄၄၆)ဦး ရှိကြောင်း သိသည်။ 

စာရင်းပေးထားတာ တစ်လကျော်နေပါပြီ။ ပြန်မပို့သေးလို့ ပြန်ချင်နေပါပြီ။ ဒီမှာက လော့ဒေါင်းချထားတာကလည်း (၂) လကျော်နေပြီ။ တစ်ချို့လူတွေဆို သူများလာလှူတာ စောင့်ပြီး စားနေရတာပါ။ ကူညီလို့ရရင် ကူညီကြပါအုံး။ ပြန်ချင်တဲ့သူတွေ အများကြီးပါ

ဟု လာအိုရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဆိုသည်။

ရခိုင်(မြန်မာ)ရွာအတွင်း နေသူများကို Lockdown သတ်မှတ်ထားခြင်းကြောင့် ရွာပြင်ထွက်၍ မရတော့သည့်အတွက် စားဝတ်နေရေးမှာ အခက်အခဲများ ရင်ဆိုင်နေရပြီး ကုမ္ပဏီလက်အောက်မှ ခန့်ထားသူ မြန်မာများ၏ စီမံမှု ယိုယွင်းခြင်းကြောင့်လည်း အခက်အခဲများ ဖြစ်ပေါ်နေသည့်အတွက် စာရင်းပေးထားသည့် နေရပ်ပြန်လိုသူများမှာ အမြန်ဆုံး ပြန်ချင်နေကြကြောင်း သိရသည်။

ရွာပြင်မှာတော့ အလုပ် လုပ်လို့ရနေတုန်းပဲ။ ရွာထဲကလူတွေပဲ လော့ဒေါင်းလုပ်ထားတော့ အလုပ် လုပ်လို့ မရဘူး။ တစ်ချို့ဆို မြန်မာပြည်က ကျန်ခဲ့တဲ့မိသားစုက ဒီကပို့တာမှီနေရတာရှိသေးတယ်။ သူတို့ဆို ငွေလည်းပြန်မပို့နိုင်နဲ့ ဒုက္ခဖြစ်နေတယ်

ဟု ရခိုင်ရွာတွင်နေထိုင်ရသည့် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ပြောသည်။

လာအိုနိုင်ငံမှ နေရပ်ပြန်လိုသူ၏ စာရင်းများကို ကုမ္ပဏီဘက်က သက်ဆိုင်ရာဌာနသို့ ပေးပို့လာပြီဖြစ်၍ ဇူလိုင်လ(၁၂)ရက်နေ့တွင် သံရုံးသို့ ဆက်လက် တင်ပြပြီးပါက  သံရုံးမှ စိစစ်ခွင့်ပြုပြီးလျှင် မြန်မာနိုင်ငံ တာချီလိတ်ခရိုင်အဆင့်သို့ ပေးပို့ပြီးမည်ဖြစ်ပြီး မြန်မာဘက်က လက်ခံပေးနိုင်ရန်သာ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။