ထိုင်းနိုင်ငံတွင် အစားအသောက်ထဲ ဆေးခြောက်ထည့်ခြင်းကို ဆေးဘက်ဆိုင်ရာက သတိပေး 

ထိုင်းနိုင်ငံတွင် အစားအသောက်ထဲ ဆေးခြောက်ထည့်ခြင်းကို ဆေးဘက်ဆိုင်ရာက သတိပေး 
ဇူလိုင် 14, 2022 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအတွက် ဇွန်လ (၉) ရက်နေ့က တရားဝင်ခွင့်ပြုလိုက်ပြီးနောက်ပိုင်း ပြည်တွင်းဆေးရုံများ၏ အရေးပေါ်ဌာနများတွင် မလိုအပ်ဘဲ ကုသပေးရမှုများ တိုးလာနေကြောင်းနှင့် ဆေးခြောက်ကို အစားအသောက် သို့မဟုတ် သရေစာများထဲတွင် ထည့်သွင်းအသုံးပြုခြင်း မလုပ်ကြရန် ထိုင်းနိုင်ငံဆေးကောင်စီ Medical Council of Thailand က သတိပေးထားသည်။

ဆေးကောင်စီက ၎င်း၏ Facebook အကောင့်တွင် ဇူလိုင်လ (၁၃) ရက်နေ့၌ ရေးသားထားမှုအရ ဇွန်လ (၉) ရက်နောက်ပိုင်း ဆေးခြောက်စားသုံးသူ အများအပြားမှာ အပြင်းအထန် နေမကောင်းဖြစ်ခြင်း၊ ထင်ယောင်ထင်မှားဖြစ်ခြင်းနှင့် ကိုယ့်ကိုယ်ကိုယ်နှင့် အခြားသူများကို အနာတရဖြစ်အောင်လုပ်ခြင်းတို့ ဖြစ်ပေါ်ခံစားခဲ့ကြရသည်ဟု ဆိုသည်။ ဆေးရုံ အရေးပေါ်ဌာနများတွင် မလိုအပ်ဘဲ လူနာတိုးလာခဲ့ကြောင်း ကောင်စီက ပြောသည်။

စားသုံးသူအားလုံးအတွက် ဆေးခြောက်ကို အစားအသောက်နှင့် သရေစာများတွင် ပါဝင်ပစ္စည်းတစ်ခုအဖြစ် ထည့်သွင်းခြင်းမပြုရန် ထိုင်းနိုင်ငံဆေးကောင်စီက သတိပေးခဲ့သည်။ "လူတွေ စားသုံးရန်အတွက် ဆေးခြောက် သို့မဟုတ် ဆေးခြောက်နွယ်ဝင် လျှော်ပင်ကို အစားအသောက် သို့မဟုတ် သရေစာများထဲမှာ မထည့်ပါနဲ့" ဟု ဆေးကောင်စီက Facebook တွင် ရေးသားထားသည်။ 

ဆေးခြောက်က ရေရှည်တွင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကလေးငယ်များတွင် ဖွံ့ဖြိုးတိုးတက်မှုကို ဆိုးကျိုးသက်ရောက်မှုများရှိကြောင်း သိရသည်။

ငယ်ငယ်ရွယ်ရွယ်နှင့် ဦးနှောက်ထိခိုက်စေမှုကြောင့် ဆေးခြောက်ကို ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များ သို့မဟုတ် အသက် (၂၅) နှစ် သို့မဟုတ် ပိုမိုငယ်ရွယ်သူများ အသုံးမပြုရကြောင်း ဆေးကောင်စီက ပြောသည်။ 

ထိုအတူ ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် မသုံးကြုရန်လည်း ဆေးကောင်စီက အလေးအနက် အကြံပြုခဲ့ပြီး ဆေးခြောက်အဖူးများက သုံးစွဲသူ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။

ရောဂါကုသရာတွင် ဆေးခြောက်ကို ပထမဦးစားပေးအဖြစ် အသုံးပြုခြင်းကို ထိုင်းနိုင်ငံဆေးကောင်စီက သဘောမတူခဲ့ဟု ဆိုသည်။ 

 

နာမကျန်းဖြစ်မှုကို အခြား စံသတ်မှတ်ထားသော ဆေးဝါးများဖြင့် ကုသ၍မရနိုင်မှသာ ဆေးခြောက်က နောက်ဆုံး အားထားရာဖြစ်သင့်ကြောင်း ဆေးကောင်စီက ပြောသည်။

 ဆေးခြောက်က ရောဂါမကုနိုင်ကြောင်းနှင့် ရောဂါလက္ခဏာများကို ယာယီအားဖြင့် သက်သာစေခြင်းသာဖြစ်ကြောင်းလည်း ထိုင်းနိုင်ငံဆေးကောင်စီက ရှင်းပြထားသည်။

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအတွက် တရားဝင်ခွင့်ပြုလိုက်ပြီးနောက် အမျိုးသား (၄) ဦး ဆေးခြောက် အလွန်အကျွံသုံးပြီး ဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ရောက်ခဲ့ကြကြောင်းနှင့် ၎င်းတို့အနက်မှ တစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ကြောင်းလည်း သိရသည်။ 

၎င်းတို့အနက် အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရင်ဘတ်အောင့်နေခဲ့သည်ဟု ဆိုသည်။

ထိုအမျိုးသားမှာ နောက်ပိုင်းတွင် Charoen Krung Pracharak ဆေးရုံ၌ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။

အသက် (၁၇) နှစ်နှင့် အသက် (၂၅) နှစ်အရွယ် အမျိုးသား (၂) ဦးမှာ ဆေးခြောက်သုံးပြီးနောက် ရင်တုန်မှုများဖြစ်ခဲ့ပြီး Taksin ဆေးရုံသို့ တက်ရောက်ခဲ့ရသည်။

နောက်ထပ် အသက် (၁၆) နှစ်အရွယ် အမျိုးသားမှာလည်း ဆေးခြောက် အလွန်အကျွံသုံးပြီးနောက် Luang Phor Taweesak Chutinataro Uthit ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူခဲ့ရသည်။

Source: Bangkok Post

Photo: Reuters/Jorge Silva, Veena Thoopkrajae,