အခကြေးငွေဖြင့် အာကာသခရီးထွက်သည့် ပထမဆုံး ခရီးသည်အဖွဲ့ နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိ

အခကြေးငွေဖြင့် အာကာသခရီးထွက်သည့် ပထမဆုံး ခရီးသည်အဖွဲ့ နိုင်ငံတကာ အာကာသစခန်းသို့ ရောက်ရှိ
By Mr John

အခကြေးငွေဖြင့် အာကာသခရီးထွက်သည့် ပထမဆုံး ခရီးသည်အဖွဲ့ နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိ

အခကြေးငွေပေးပြီး အာကာသခရီးထွက်လာသည့် ပထမဆုံး အာကာသခရီးသည်အဖွဲ့က နိုင်ငံတကာ အာကာသစခန်းသို့ ဧပြီ (၉) ရက်နေ့တွင် ဘေးကင်းစွာ ရောက်ရှိခဲ့ကြပြီဟု သိရသည်။ (၂၁) နာရီကြာ ခရီးနှင်ခဲ့ကြပြီးနောက် အမျိုးသား(၄)ဦးပါ အဖွဲ့က နိုင်ငံတကာအာကာသစခန်းသို့ ရောက်ရှိလာခဲ့ကြသည်။

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် ဟူစတန်မြို့အခြေစိုက် Axiom Space Inc ကုမ္ပဏီက လက်ခံစီစဥ်ပေးသည့် ထိုအဖွဲ့ကို SpaceX ကုမ္ပဏီ၏ Falcon 9 ဒုံးပျံဖြင့် NASA ၏ ကနေဒီအာကာသစင်တာမှ ဧပြီ (၈) ရက် မနက်ပိုင်းတွင် လွှတ်တင်လိုက်ခြင်း ဖြစ်သည်။



အာကာသခရီးသည်အဖွဲ့ လိုက်ပါလာသည့် Crew Dragon အာကာသယာဥ်အခန်းက ဧပြီ (၉) ရက်တွင် နိုင်ငံတကာအာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ကြောင်း သိရသည်။ ယခု အာကာသခရီးစဥ်တွင် ၁၉၉၅ ခုနှစ်နှင့် ၂၀၀၇ ခုနှစ်ကြား အာကာသခရီးစဥ် လေးကြိမ်သွားရောက်ခဲ့ဖူးသည့် NASA အာကာသယာဥ်မှူး အသက် (၆၃) နှစ်အရွယ် Michael Lopez-Alegría က ဦးဆောင်ခဲ့သည်။ ၎င်းသည် Axiom ၏ စီးပွားရေးလုပ်ငန်းပိုင်းဆိုင်ရာ ဒုတိယဥက္ကဌလည်း ဖြစ်သည်။



Michael Lopez-Alegría နှင့်အတူ အခကြေးငွေပေးပြီး လိုက်ပါလာသည့် အာကာသခရီးသွား (၃)ဦးအနက် အိမ်ခြံမြေလုပ်ငန်းရှင်နှင့် နည်းပညာ စွန့်ဦးတီထွင်သူ အသက် (၇၀) ကျော်အရွယ် Larry Connor ဆိုသူ ပါဝင်ပြီး ၎င်း၏ အသက်ကို Axiom ကုမ္ပဏီက အတိအကျ မဖော်ပြထားဟုဆိုသည်။

အခြား(၂)ဦးမှာ ရင်းနှီးမြှုပ်နှံသူ ပရဟိတအလှူရှင်နှင့် အစ္စရေးတိုက်လေယာဥ်မှူးဟောင်းဖြစ်သည့် အသက် (၆၄) နှစ်အရွယ် Eytan Stibbe နှင့် ကနေဒါစီးပွားရေးလုပ်ငန်းရှင်နှင့် ပရဟိတအလှူရှင် အသက် (၅၂) နှစ်အရွယ် Mark Pathy တို့ ဖြစ်ကြသည်။



အခကြေးငွေပေးပြီး အာကာသခရီးထွက်လာသည့် ၎င်းတို့အဖွဲ့၏ အာကာသခရီးစဥ်မှာ (၁၀) ရက်ကြာမည်ဟု ဆိုသည်။ နိုင်ငံတကာအာကာသစခန်းသို့ အာကာသခရီးအတွက် ဈေးနှုန်းမှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၅ သန်းဖြစ်ကြောင်း Axiom ကုမ္ပဏီက ယခင်က ဖော်ပြထားသည်။ သို့သော် ယခု ပထမဆုံးခရီးစဥ်နှင့် ပတ်သက်ပြီး ဈေးနှုန်းကိုတော့ Axiom က ပြောကြားရန် ငြင်းဆန်ခဲ့ကြောင်း သိရသည်။



Source: CNN, Reuters

Photo: Axiom Space