လီဗာပူး နောက်ခံကစားသမားလေး ရောဘတ်ဆန် ဗြိတိသျှအင်ပါယာ၏ MBE ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ

လီဗာပူး နောက်ခံကစားသမားလေး ရောဘတ်ဆန် ဗြိတိသျှအင်ပါယာ၏ MBE ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခံရ
By Mr John

 အင်္ဂလန်ဘောလုံးကလပ် လီဗာပူးလ်အသင်း၏ နောက်ခံကစားသမား အင်ဒီရောဘတ်ဆန်ကို ၎င်း၏ ဘောလုံးအားကစား၊ ပရဟိတနှင့် လူငယ်များအတွက် စွမ်းဆောင်မှုများအတွက် ဗြိတိသျှအင်ပါယာ၏ MBE (Order of British Empire) ဂုဏ်ထူးဆောင်ဘွဲ့ ပေးအပ်ချီးမြှင့်လိုက်ကြောင်း သိရသည်။ 

ဗြိတိန်တော်ဝင်မင်းသား ဝီလျံက ဝင်ဆာရဲတိုက်တွင် ၂၀၂၃ခုနှစ် ဇွန်လ (၂၈) ရက်နေ့၌ ပြုလုပ်ခဲ့သည့် အခမ်းအနားအတွင်း စကော့တလန် လက်ရွေးစင်အသင်းခေါင်းဆောင် ရောဘတ်ဆန်ကို MBE ဘွဲ့ ပေးအပ်ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

အသက် (၂၉) နှစ်အရွယ် ရောဘတ်ဆန်က ၂၀၁၇ ခုနှစ်တွင် ဟားလ်စီးတီးအသင်းမှ လီဗာပူးလ်သို့ ပေါင် (၈) သန်းဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးနောက် အောင်မြင်သည့် ပရီးမီးယားလိဂ် ကစားသမားတစ်ဦး ဖြစ်လာခဲ့သည်။ 

၎င်းက လီဗာပူးလ်အတွက် (၂၄၃) ပွဲ ကစားခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ချန်ပီယံလိဂ်ဆုဖလားနှင့် ၂၀၂၀ ခုနှစ်တွင် ပရီးမီးယားလိဂ်ဆုဖလားတို့ ရရှိခဲ့သည်။

မကြာသေးမီက ပြီးဆုံးခဲ့သည့် ဘောလုံးရာသီမှာ လီဗာပူးအတွက် အောင်မြင်သည့် ဘောလုံးရာသီတစ်ခု မဟုတ်ခဲ့သော်လည်း ရောဘတ်ဆန်ကမူ ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတစ်လျှောက် ဂိုးဖန်တီးပေးမှု အများဆုံး နောက်ခံကစားသမားအဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ 

ဘောလုံးကွင်းပြင်ပတွင်လည်း ရောဘတ်ဆန်က စကော့တလန်ရှိ လူငယ်များအတွက် သင်တန်းများ၊ အထောက်အပံ့များ၊ အလုပ်အကိုင် အခွင့်အလမ်းများ တန်းတူရရှိရေးနှင့် အခမဲ့ ဘောလုံးနည်းပြ အစီအစဥ်တို့ စီစဥ်ပေးရန် ရည်ရွယ်သော AR26 ပရဟတိအဖွဲ့အစည်းကို ၂၀၂၀ ခုနှစ် နိုဝင်ဘာလအတွင်း တည်ထောင်ခဲ့သည်။

 

Source: Daily Mail