ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအချို့ သေဆုံး

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့ရှိ ဈေးဝယ်စင်တာတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားပြီး လူအချို့ သေဆုံး
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့တော်ရှိ ဈေးဝယ်စင်တာတစ်ခုအတွင်း ဇူလိုင် (၃) ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူအချို့ သေဆုံးခဲ့ကြောင်းနှင့် အသက် (၂၂) နှစ်အရွယ် သံသယရှိသူ ဒိန်းမတ်အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

 ယခုပစ်ခတ်မှု အကြောင်းရင်းကို အတိအကျ မသိရသေးသော်လည်း အကြမ်းဖက်လုပ်ရပ် ဖြစ်နိုင်ခြေကို ပယ်ချထားခြင်းမရှိဟု ရဲတပ်ဖွဲ့က ဆိုသည်။

"ဒဏ်ရာရသူအချို့ရှိပါတယ်။ သေဆုံးသူအချို့ရှိတယ်လို့လည်း ကျွန်တော်တို့ သိရပါတယ်" ဟု ရဲတပ်ဖွဲ့အကြီးအကဲ Soeren Thomassen က ထိုနေ့ညပိုင်းတွင် သတင်းထောက်များကို ပြောသည်။ 

သေဆုံးဒဏ်ရာရသူ အရေအတွက် အတိအကျကိုပြောရန် အလွန်စောနေသေးကြောင်းနှင့် ရဲတပ်ဖွဲ့က Zealand နယ်မြေအတွင်း ကြီးမားသည့် ရှာဖွေရေးလုပ်ဆောင်နေကြောင်း ၎င်းက ဆိုသည်။

Field's ဈေးဝယ်စင်တာအတွင်း ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းရပြီးနောက် ရဲအရာရှိများ စေလွှတ်ခဲ့ကြောင်းနှင့် အများပြည်သူအနေဖြင့် အခင်းဖြစ်နေရာမှ မှတ်တမ်းများနှင့် အခြား သက်ဆိုင်ရာ အသေးစိတ်အချက်အလက်များ ပေးပို့ကြရန် ကိုပင်ဟေဂင်ရဲတပ်ဖွဲ့က ၎င်းတို့၏ Twitter တွင် ကနဦး ရေးသားထားသည်။ 

ဒေသစံတော်ချိန် ဇူလိုင် (၃) ရက်နေ့ ညပိုင်းအထိ ရဲတပ်ဖွဲ့ထုတ်ပြန်ချက်အရ အခြား သေနတ်သမားများရှိသည့် အရိပ်မယောင်မတွေ့ရကြောင်း သိရသည်။

ပြည်တွင်းမီဒီယာတွင် ဖော်ပြထားသည့် ဓာတ်ပုံများအရ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာတွင် လက်နက်အပြည့်အစုံနှင့် လုံခြုံရေးအရာရှိများ ရောက်ရှိနေပြီး ဈေးဝယ်စင်တာကနေ လူများ ထွက်ပြေးနေကြသည်ကို တွေ့ရသည်။

 ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကိုပင်ဟေဂင်မြို့လယ်သို့ ဆက်သွယ်ထားသည့် ကားလမ်းနှင့် မြေအောက်ရထားလမ်း အားလုံးကို ပိတ်ထားခဲ့ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဈေးဝယ်စင်တာအတွင်းရှိနေသူများကို စင်တာထဲတွင် ဆက်နေကြပြီး ရဲတပ်ဖွဲ့အကူအညီကို စောင့်ဆိုင်းကြရန်နှင့် အခြားလူများအနေဖြင့် ထိုနေရာနှင့် ‌ဝေးဝေးနေကြရန် ကနဦး အကြံပြုခဲ့သည်။

 ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Field's ဈေးဝယ်စင်တာမှာ ဒိန်းမတ်တွင် အကြီးဆုံး ဈေးဝယ်စင်တာဖြစ်ပြီး ဆိုင်ခန်းနှင့် စားသောက်ဆိုင် (၁၄၀) ကျော်ရှိကြောင်း BBC သတင်းက ဖော်ပြသည်။ 

အထပ်များပါဝင်သည့် ထိုဈေးဝယ်စင်တာမှာ ကိုပင်ဟေဂင်မြို့လယ်မှ တောင်ဘက် (၃) မိုင်ခန့်အကွာတွင် တည်ရှိကြောင်း Reuters သတင်းက ပြောသည်။

"လူတွေက ပထမတော့ သူခိုးလို့ ထင်ခဲ့ကြတာ။ နောက်တော့မှ ရုတ်တရက် သေနတ်သံတွေ ကြားခဲ့ရပြီး  ကျွန်မလည်း စတိုင်းဆိုင်ထဲက ကောင်တာတစ်ခုနောက် ဝင်နေခဲ့လိုက်တယ်။ သူက လူအုပ်စုထဲကို ပစ်နေတာ။ မျက်နှာကြတ် ဒါမှမဟုတ် ကြမ်းပြင်ကိုပစ်တာ မဟုတ်ဘူး" ဟု မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသူ Rikke Levandovski အမည်ရှိ အမျိုးသမီးက ဒိန်းမတ်အစိုးရပိုင် TV2 ရုပ်မြင်သံကြားသတင်းဌာနကို ပြောခဲ့သည်။

Source: Reuters, BBC, CNN

Photo: MAHDI AL WAZNI,  Ritzau Scanpix/Olafur Steinar Gestsson ,