တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် အားအကောင်းဆုံး အပူပိုင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် လူဦးရေ (၁.၆)သန်းကျော် နေအိမ်စွန့်ခွာခဲ့ရ 

တရုတ်နိုင်ငံ ရှန်ဟိုင်းတွင် အားအကောင်းဆုံး အပူပိုင်းမုန်တိုင်း တိုက်ခိုက်မှုကြောင့် လူဦးရေ (၁.၆)သန်းကျော် နေအိမ်စွန့်ခွာခဲ့ရ 
စက်တင်ဘာ 16, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံ၏ လူဦးရေအထူထပ်ဆုံး အ‌ရှေ့ဘက်ကမ်းရိုးတန်းတွင် တိုင်ဖွန်းမုန်တိုင်း Muifa ဖြတ်သန်းတိုက်ခတ်မှုကြောင့် စက်တင်ဘာလ (၁၅) ရက်နေ့က လေပြင်းများတိုက်ပြီး မိုးသည်းထန်စွာရွာသွန်းမှု ဖြစ်ပေါ်ခဲ့သည်။ 

တိုင်ဖွန်း Muifa တိုက်ခတ်မှုကြောင့် လူဦးရေ (၁.၆) သန်းဝန်းကျင် နေအိမ်စွန့်ခွာ ရွှေ့ပြောင်းကြရပြီး တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့၏ အဓိက လေဆိပ်များတွင် လေယာဥ်ခရီးစဥ်အများစုကို ဖျက်သိမ်းထားခဲ့ရသည်။

Miufa မှာ ၁၉၄၉ ခုနှစ်တွင် မှတ်တမ်းထိန်းသိမ်းမှု စတင်ခဲ့ပြီးနောက်ပိုင်း လူဦးရေ (၂၅) သန်းကျော် နေထိုင်ကြရာ ရှန်ဟိုင်းကို ဝင်ရောက်တိုက်ခတ်သည့် အား အကောင်းဆုံး အပူပိုင်းဆိုင်ကလုန်းမုန်တိုင်း ဖြစ်လာခဲ့သည်ဟု တရုတ်အစိုးရသတင်းဌာန CCTV က ပြောသည်။ 

လတ်တလောအချိန်အထိ ထိုမုန်တိုင်းကြောင့် သေဆုံးမှု သို့မဟုတ် ဒဏ်ရာရမှု သတင်းများ မရှိသေးဟု ဆိုသည်။

တရုတ်မိုးလေဝသဌာနက တိုင်ဖွန်း Muifa ကို အားကောင်းသည့် အပူပိုင်းမုန်တိုင်းတစ်ခုအဖြစ် စက်တင်ဘာလ (၁၅) ရက်နေ့တွင် အဆင့်လျှော့ချ သတ်မှတ်ခဲ့သည်။ 

သို့သော် ထိုမုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရုတ်တရက် ရေကြီးရေလျှံမှုများ ပြည်နယ်များတွင် ဖြစ်ပေါ်လိမ့်မည်ဖြစ်ပြီး မုန်တိုင်းက လူဦးရေထူထပ်သည့် ကမ်းရိုးတန်းပြည်နယ်များကို ဖြတ်သန်း၍ မြောက်ဘက်သို့ ရွေ့လျားနေကြောင်း သိရသည်။

မုန်တိုင်းအန္တရာယ်ရှိမှုကြောင့် ရှန်ဟိုင်းတွင် လူဦးရေ အနည်းဆုံး (၄၂၆,၀၀၀) ကို ရွှေ့ပြောင်းထားခဲ့ပြီး အိမ်နီးချင်း Zhejiang ပြည်နယ်တွင် နောက်ထပ် လူဦးရေ (၁.၂) သန်းကို ယာယီခိုလှုံရေးစခန်းများသို့ ရွှေ့ပြောင်းပေးထားကြောင်း CCTV သတင်းက ဖော်ပြသည်။ 

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသ၏ နေရာအများအပြားတွင် ယာဥ်ကြောပိတ်ဆို့မှုများနှင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။

Muifa မုန်တိုင်း တိုက်ခတ်မှုကြောင့် ရှန်ဟိုင်းမြို့၏ တောင်ဘက် Hangzhou ပင်လယ်အော်ရှိ ကမ်းရိုးတန်းတစ်လျှောက် ကြီးမားသည့် ရေလှိုင်းများ ရိုက်ခတ်ခဲ့ကြောင်းနှင့် Zhejiang ပြည်နယ် Ninghai ကောင်တီတွင် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း အစိုးရရေဒီယိုသတင်းဌာနက ပြောသည်။ 

တိုင်ဖွန်း Muifa က စက်တင်ဘာလ (၁၅) ရက် ဒေသစံတော်ချိန် မွန်းလွဲ (၁၂) နာရီခွဲတွင် ကုန်းတွင်းမုန်တိုင်းအဖြစ် ရှန်ဟိုင်းမြို့၏ Fengxian ခရိုင်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်း တစ်နာရီလျှင် (၇၇) မိုင်ကျော်ရှိခဲ့သည်။

Muifa မှာ ယခုနှစ်အတွက် တရုတ်နိုင်ငံ၏ (၁၂) ခုမြောက် မုန်တိုင်းလည်း ဖြစ်သည်။ 

ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အပူပိုင်းမုန်တိုင်းများ ဖြစ်ပေါ်မှု မြင့်တက်လာနိုင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်အတွင်း မုန်တိုင်းများ သိသာစွာ ပိုမိုဖြစ်ပေါ်ခဲ့ကြောင်း အမေရိကန်နိုင်ငံ National Oceanic and Atmospheric Administration က ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာ၌ ပြောထားသည်။

Source: CNA