ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် အလွန်အကျွံသုံး၍ တစ်ဦးသေ

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်ခွင့်ပြုလိုက်ပြီးနောက် အလွန်အကျွံသုံး၍ တစ်ဦးသေ
By Mr John

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံး အတွက် ဇွန်လ (၉) ရက်နေ့က တရားဝင်ခွင့်ပြုလိုက်ပြီးနောက် အမျိုးသား (၄) ဦး ဆေးခြောက် အလွန်အကျွံသုံးပြီး ဘန်ကောက်မြို့ရှိ ဆေးရုံများသို့ ရောက်ခဲ့ကြကြောင်းနှင့် ၎င်းတို့အနက်မှ တစ်ဦး နှလုံးရပ်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။ 

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့ Bangkok Metropolitan Administration (BMA) ၏ Medical Services Department စာရင်းများအရ ဆေးခြောက် အလွန်အကျွံသုံးထားကြောင်း သံသယရှိရသည့် လက္ခဏာများနှင့် အမျိုးသား (၄) ဦးကို BMA လက်အောက်ရှိ ဆေးရုံများသို့ ပို့ဆောင်ခဲ့ကြောင်း ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က ဇွန်လ (၁၄) ရက်နေ့တွင် ပြောသည်။

၎င်းတို့အနက် အသက် (၅၁) နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ရင်ဘတ်အောင့်နေခဲ့သည်ဟု ဆိုသည်။ 

ထိုအမျိုးသားမှာ နောက်ပိုင်းတွင် Charoen Krung Pracharak ဆေးရုံ၌ နှလုံးရပ်ပြီး သေဆုံးသွားခဲ့ကြောင်းနှင့် အသက် (၁၇) နှစ်နှင့် အသက် (၂၅) နှစ်အရွယ် အမျိုးသား (၂) ဦးမှာ ဆေးခြောက်သုံးပြီးနောက် ရင်တုန်မှုများဖြစ်ခဲ့ပြီး Taksin ဆေးရုံသို့ တက်ရောက်ခဲ့ရေကြာင်း သိရသည်။

နောက်ထပ် အသက် (၁၆) နှစ်အရွယ် အမျိုးသားမှာလည်း ဆေးခြောက် အလွန်အကျွံသုံးပြီးနောက် Luang Phor Taweesak Chutinataro Uthit ဆေးရုံ၏ အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ 

BMA က အခြေအနေကို စောင့်ကြည့်သွားမည်ဖြစ်ပြီး ကျောင်းသူ/ကျောင်းသားများနှင့် ဆရာ/ဆရာမများကို ဆေးခြောက်နှင့် ပတ်သက်၍ ပညာပေးအစီအစဥ်များ ဆောင်ရွက်သွားမည်ဟု ဘန်ကောက်မြို့တော်ဝန် Chadchart Sittipunt က ဆိုသည်။

ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးအဖွဲ့က စာသင်ကျောင်းများကို ဆေးခြောက်ကင်းမဲ့ဇုန်အဖြစ် ကြေညာရန် စီမံကိန်းတစ်ခုကိုလည်း စတင်ဆောင်ရွက်သွားမည်ဟု ၎င်းက BMA အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးတွင် ပြောခဲ့သည်။ 

ထိုအတောအတွင်း ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဆေးခြောက် အလွန်အကျွံသုံးခြင်းကြောင့် သေဆုံးခြင်းမှာ အသစ်အဆန်းမဟုတ်ဟု ဆိုသည်။ 

အားလုံးမှာ အလွန်အကျွံသုံးပါက ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဝန်ကြီး Anutin Charnvirakul က ပြောသည်။

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို အထူးသဖြင့် လူငယ်များကြား အပန်းဖြေသုံးအဖြစ် သုံးစွဲခြင်းမပြုရန် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာဌာန အထွေထွေညွှန်ကြားရေးမှူး ဒေါက်တာ Somsak Akksilp က ဇွန်လ (၁၃) ရက်နေ့တွင် သတိပေးခဲ့သည်။ 

ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုလိုက်သည့် ဥပဒေအရ ဆေးခြောက်တွင်ပါဝင်သော မူးယစ်စေသည့် THC (tetrahydrocannabinol) ပမာဏ အလေးချိန်အားဖြင့် (၀.၂) ရာခိုင်နှုန်း သို့မဟုတ် ထိုထက်လျော့နည်းရမည် ဖြစ်သည်။ 

THC ပမာဏ ထိုရာခိုင်နှုန်းထက် ပိုများသော ဆေးခြောက် သို့မဟုတ် ဆေးခြောက်အစေ့နှင့် အဆီတို့မှာ တရားဝင်မဟုတ်သေးကြောင်း သိရသည်။

ထိုင်းနိုင်ငံတွင် ဆေးဘက်ဆိုင်ရာသုံးအဖြစ် ဆေးခြောက်ပင် စိုက်ပျိုးခြင်းနှင့် ရောင်းဝယ်ခြင်းကို တရားဝင်ခွင့်ပြုသည့် ဥပဒေစည်းမျဥ်းအသစ် ဇွန်လ (၉) ရက်နေ့၌ စတင်သက်ရောက်ခဲ့ပြီး ဆေးခြောက်ကို တားမြစ်ထားသည့် မူးယစ်ဆေးဝါးစာရင်းမှ ဖယ်ရှားလိုက်ပြီဖြစ်ရာ ထိုင်းပြည်သူများအနေဖြင့် နေအိမ်တွင် ဆေးခြောက်ပင်စိုက်ပျိုးနိုင်၊ ရောင်းချနိုင်နေပြီ ဖြစ်သည်။

ထိုင်းအစိုးရက နေအိမ်၌ ဆေးခြောက်ပင် စိုက်ပျိုးခွင့်ပြုသည့် စည်းမျဥ်းသစ်အထိမ်းအမှတ်အဖြစ် ဇွန်လအတွင်း ဆေးခြောက်ပင် တစ်သန်းကို နိုင်ငံတဝန်း အိမ်ထောင်စုများထံ အခမဲ့ ဖြန့်ဝေပေးထားသည်။ 

ဆေးခြောက်ကို ဝင်ငွေရ စိုက်ပျိုးသီးနှံတစ်ခုအဖြစ် အားပေးရန် ထိုင်းအစိုးရက စီစဥ်ဆောင်ရွက်နေသည်။ 

အိမ်ထောင်စုတစ်ခုလျှင် ဆေးခြောက်ပင် (၆) ပင်အထိ စိုက်ပျိုးနိုင်မည်ဖြစ်ပြီး ကုမ္ပဏီများအနေဖြင့်လည်း ခွင့်ပြုချက်ရယူပြီး ဆေးခြောက်စိုက်ခင်း တည်ထောင်နိုင်မည်ဖြစ်သည်။ 

စားသောက်ဆိုင်များတွင် ဆေးခြောက်ထည့်ထားသည့် ဟင်းလျာများနှင့် သောက်စရာများကိုလည်း မှာယူစားသောက်နိုင်ပြီဟု ဆိုသည်။ 

တင်းကျပ်သည့် မူးယစ်ဆေးဝါးဥပဒေများ ပြဌာန်းသတ်မှတ်ထားသော အရှေ့တောင်အာရှတွင် ထိုင်းက ဆေးခြောက်ကို ဆေးဘက်ဆိုင်ရာသုံးအဖြစ် တရားဝင်ခွင့်ပြုလိုက်သည် ပထမဆုံးနိုင်ငံလည်း ဖြစ်လာသည်။ 

သို့သော် ဆေးခြောက်ကို အပန်းဖြေသုံးအဖြစ် အသုံးပြုခြင်းကိုမူ တားမြစ်ပိတ်ပင်ထားဆဲဖြစ်ပြီး လူမြင်ကွင်းတွင် ဆေးခြောက်ဆေးလိပ်သောက်ခြင်း တွေ့ရှိပါက ဖမ်းဆီးခံရမည်ဟု သိရသည်။

Source: Bangkok Post