ပူတင်ကို ဆန့်ကျင် ဝေဖန်သူ ရုရှားအတိုက်အခံခေါင်းဆောင် အာတိတ်ဒေသ အကျဥ်းထောင်တွင်း သေဆုံး

ပူတင်ကို ဆန့်ကျင် ဝေဖန်သူ ရုရှားအတိုက်အခံခေါင်းဆောင် အာတိတ်ဒေသ အကျဥ်းထောင်တွင်း သေဆုံး
ဖေဖော်ဝါရီ 17, 2024 | နိုင်ငံတကာသတင်း
By Mr John

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဆန့်ကျင်ဝေဖန်သည့် ရုရှားနိုင်ငံ၏ အထင်ရှားဆုံး အတိုက်အခံခေါင်းဆောင် Alexei Navalny  အကျဥ်းကျခံနေရစဥ် အာတိတ်ဒေသ အကျဥ်းထောင်တွင်း သေဆုံးသွားခဲ့ကြောင်း သိရသည်။ 

အလွန်အေးခဲသည့် အာတိတ်ဒေသရှိ "Polar Wolf" အကျဥ်းထောင်၌ နှစ်ရှည်ထောင်ဒဏ် ကျခံနေရသူ အသက် (၄၇) နှစ်အရွယ် Navalny မှာ ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁၆) ရက်နေ့တွင် လမ်းလျှောက်ထွက်ပြီးနောက် လဲကျသေဆုံးသွားခဲ့ကြောင်း ရုရှားအကျဥ်းဦးစီးဌာနက ထုတ်ပြန်သည်။

ရှေ့နေဟောင်းတစ်ဦးဖြစ်သူ Navalny မှာ သမ္မတပူတင် အပါအဝင် ရုရှား၏ အခွင့်ထူးခံများကြား ကြီးမားသော အကျင့်ပျက်ခြစားမှုနှင့် ချမ်းသာကြွယ်ဝမှုအကြောင်း ဝေဖန်ပြောဆိုသော ၎င်း၏ ဘလော့များနှင့်အတူ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော်တွင် လူသိများလာခဲ့သူ ဖြစ်သည်။

စုစုပေါင်း ထောင်ဒဏ် နှစ် (၃၀) ကျော် ကျခံနေရသူ Navalny မှာ မော်စကိုမြို့၏ အရှေ့မြောက်ဘက် မိုင် (၁,၂၀၀) ခန့်အကွာ အာတိတ်စက်ဝိုင်းဒေသတွင်း Kharp မြို့ရှိ IK-3 အကျဥ်းထောင်တွင် လမ်းလျှောက်ထွက်ပြီးနောက် နေမကောင်းဖြစ်ကာ လဲကျသေဆုံးသွားကြောင်း Yamalo-Nenets ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်၏ ပြည်ထောင်စုအကျဥ်းထောင်ဌာနက ပြောသည်။ 

Navalny မှာ ပူတင်နှင့် ၎င်း၏အစိုးရကို ဆန့်ကျင်ဝေဖန်မှုများနှင့် ဆက်စပ်၍ ဖမ်းဆီးစွဲချက်တင်ခံရပြီး နှစ်ရှည်ထောင်ဒဏ် ကျခံနေရခြင်းလည်း ဖြစ်သည်။

Navalny ကို ထောက်ခံသူများကမူ ၎င်း သေဆုံးသွားကြောင်း အတည်မပြုနိုင်သေးဟု ပြောကြသော်လည်း အကယ်၍ သေဆုံးခဲ့ပါက အသတ်ခံရခြင်းဖြစ်မည်ဟု ယူဆကြောင်း ပြောဆိုကြသည်။ 

"Alexei Navalny ကို ထောင်ထဲမှာ သူတို့ သတ်လိုက်တယ်ဆိုတာ ရုရှားအာဏာပိုင်တွေက ဝန်ခံချက် ထုတ်ပြန်လိုက်တာပဲ" ဟု Navalny ၏ လက်ထောက် Leonid Volkov က ဆိုရှယ်မီဒီယာတွင် ရေးသားထားသည်။

Navalny မှာ ၂၀၂၀ ခုနှစ် ဩဂုတ်လအတွင်း ဆိုက်ဘေးရီးယားဒေသတွင် အဆိပ်ခပ်ခံခဲ့ရဖူးပြီး ထိုစဥ်က ဂျာမနီနိုင်ငံသို့ အရေးပေါ် ပို့ဆောင်ကုသခဲ့ရသည်။ 

အနောက်အုပ်စု ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများအရ Navalny မှာ အာရုံကြောကို ထိခိုက်စေသည့် အဆိပ်ဖြင့် အဆိပ်ခပ်ရန် ကြိုးပမ်းမှုလက္ခဏာဖြစ်ကြောင်း သိရသည်။ 

ရုရှားအစိုးရကမူ Navalny ကို သတ်ရန် ကြိုးပမ်းခဲ့ကြောင်း ပြောဆိုမှုများအပေါ် ငြင်းဆိုခဲ့ပြီး အာရုံကြောအဆိပ်ဖြင့် အဆိပ်ခပ်ခံရကြောင်း သက်သေအထောက်အထား မရှိခဲ့ဟုလည်း ပြောခဲ့သည်။

Source: Reuters