လာအိုနိုင်ငံရောက် မြန်မာလုပ်သားများနေထိုင်ရာ ရခိုင်(မြန်မာ)ရွာ တွင် နေထိုင်သူများကို နေရာသစ်ရွှေ့ပြောင်းခိုင်း၍ အခက်အခဲ ဖြစ်နေ

လာအိုနိုင်ငံရောက် မြန်မာလုပ်သားများနေထိုင်ရာ ရခိုင်(မြန်မာ)ရွာ တွင် နေထိုင်သူများကို နေရာသစ်ရွှေ့ပြောင်းခိုင်း၍ အခက်အခဲ ဖြစ်နေ

လာအိုနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်(မြန်မာ)ရွာ အတွင်း နေထိုင်သည့် အိမ်ထောင်စုများကို Lockdown ချထားသည့်ကာလအတွင်း နေရာသစ်ရွှေ့ပြောင်းခိုင်းနေ၍ မိသားစုများအခက်အခဲဖြစ်နေရကြောင်းသိရသည်။

ကိုဗစ်ကြောင့်ဆိုပြီး ရွာကို lockdown ချထားတာ။ အခုဆို မိသားစုထဲက quarantine ပို့ခံထားရတဲ့သူတွေလည်း တကွဲတပြားဖြစ်နေတာ။ အဲဒီအချိန်ကို ရွာထဲက အိမ်ပိုင်ရှင်၊ ဆိုင်ပိုင်ရှင်တွေကို စားရင်းလိုက်ကောက်ပြီး တစ်ချို့ကို ဒီနေ့ စရွှေ့ခိုင်းနေတယ်။ ရွာထဲလည်း လူက ကျိုးတိုးကျဲတဲပဲ ကျန်တာပါ။ သူတို့ရွှေ့ခိုင်းတဲ့နေရာက အရင်တရုတ်တွေနေသွားပြီး ကိုဗစ်ဖြစ်လို့ တရုတ်တွေပြန်သွားလို့ လွတ်နေတဲ့ ဖော့အိမ်တွေဘက်ကို ရွှေ့ခိုင်းတာ။ ဒီရွာထဲမှာနေတဲ့သူတွေက မိသားစုမှာ လူဦီးရေလည်းများတယ်။ ဆိုင်တွေဆို ပစ္စည်းလည်းများတယ်။ သူတို့ပေးတဲ့အိမ်နဲ့ဆို လူတွေက အပြင်ထွက်နေရုံရှိတော့တာပဲ။ နောက်ပြီး အဲဒီဖော့အိမ်တွေက ဘယ်နားရွှေ့ဆောက်ဆောက်ရတဲ့ ready made အိမ်တွေ။ နောက်ပြီး ရွာထဲက မိသားစုတွေကလည်း အခုသူတို့ပဲ ကိုဗစ်စစ်တယ်ဆိုပြီး quarantine (၄) နေရာခွဲထားတဲ့ဆီမှာ တကွဲတပြားတွေ ပို့ထားတာ။ မိသားစုတွေ တကွဲတပြားတွေဖြစ်၊ လူတွေ၊ ပစ္စည်းတွေနဲ့ နေရာသစ်က အဆင်မပြေနဲ့ကို ရွှေ့ခိုင်းနေကြပြီ။ ဒုက္ခတွေ ရောက်နေကြပါပြီ။ နေရပ်ပြန်ဖို့ စာရင်းပေးထားပေမဲ့လည်း ပြန်လို့ကမရ။ ကိုယ့်နိုင်ငံက လက်ခံပေးလို့ရရင်လည်း ပစ်မထားကြပါနဲ့။ လက်ခံပေးကြပါအုံး

ဟု လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက   ပြောသည်။

လာအိုနိုင်ငံ ဘိုကျောက်ခရိုင်ရှိ ရွှေတြိဂံအထူးစီးပွားရေးဇုန်တွင် အလုပ်လုပ်နေကြသည့် မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ရခိုင်ရွာ (မြန်မာရွာ)ကို စီးပွားရေးဇုန်လုပ်ကိုင်ခွင့်ရကုမ္ပဏီက လွန်ခဲ့သည့်နှစ်လကျော်ကတည်းက ကုမ္ပဏီက စာထုတ်ကာ အဝင်အထွက်ကန့်သတ်ထားခဲ့ပြီးနောက် ရခိုင်ရွာအတွင်းမှ (၄) ယောက်အထက်အိမ်များ ရွှေ့ပြောင်းရမည်ဟု ဇူလိုင်လ (၁၈) ရက်နေ့တွင် ကုမ္ပဏီဘက်က ရုတ်တရက် အသိပေးလာခြင်းဖြစ်သော်လည်း မိသားစု (၂) ယောက်သာရှိသည့်အိမ်များလည်း ရွှေ့ပြောင်းရမည့်စာရင်းတွင် ပါနေသည်ဟု သိရသည်။

သူတို့က စာထွက်တာက (၄) ယောက်အထက်အိမ်တွေ ရွှေ့ရမယ်သာပြောတယ် (၂) ယောက်ထဲရှိတဲ့အိမ်တွေလည်း ရွှေ့ရတာပဲ။ အိမ်တွေရွှေ့ခိုင်းပြီး အိမ်လခကောက်ကြဖို့ လုပ်နေကြတာ။ ဒီမှာ အနေကြာတဲ့သူတွေတစ်ချို့က အိမ်ခန်းပြန်ငှားကြတာဆိုတော့ အခုသူတို့က အဲဒီအိမ်ငှားခကို သူတို့အခန်းငှားခအနေနဲ့ သူတို့ကောက်ယူဖို့ လုပ်နေကြတာ။ အလုပ်ကအဆင်မပြေကြတဲ့ကာလဆိုတော့ သူတို့တောင်းတဲ့အခန်းငှားခပေးဖို့ ဘယ်အဆင်ပြေကြပါ့မလဲ

ဟု လာအိုရောက်မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဇူလိုင်လ(၁၉)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရခိုင်ရွာအတွင်း လူဦးရေတိုးလာပြီး ယခုရက်ပိုင်း COVID 19 သက်ရောက်မှုကြောင့် ယင်းကဲ့သို့ရွှေ့ပြောင်းစေခြင်းဖြစ်သည်ဟု ရွှေတြိဂံဇုန်၏ အလုပ်သမားစီမံခန့်ခွဲရေးရုံးကအသိပေးထားသော်လည်း ရခိုင်ရွာအပါအဝင် ရွှေတြိဂံအထူးစီးပွားရေးဇုန်အတွင်း COVID 19 လူနာတွေ့ရှိမှုအခြေအနေကို သတင်းထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။ 

ယင်းအပြင် အဆိုပါ ရွာတွင်းနေထိုင်သူများကို ကုမ္ပဏီက COVID 19 စစ်ဆေးကာ ထောင်နှင့်ချီသောလူများကို quarantine center များသို့ပို့ဆောင်ထားသော်လည်း quarantine center ပို့ခံရသူများကိုယ်တိုင် quarantine နေရသည့် အကြောင်းရင်းကို မသိရသည့်အပြင် quarantine နေရမည့် သတ်မှတ်ရက်လည်း မရှိဘဲ လနှင့်ချီ၍နေထိုင်ကြရကြောင်း သိရသည်။

 

အဆိုပါဒေသရှိ မြန်မာရွှေ့ပြောင်းလုပ်သားများအား COVID 19 စစ်ဆေး၍ quarantine ပို့ဆောင်နေသည့်အခြေအနေနှင့်ပတ်သက်၍ ကုမ္ပဏီဘက်မှ ထုတ်ပြန်ထားခြင်းမရှိသဖြင့် ကုမ္ပဏီတာဝန်ရှိသူများအနေဖြင့် ဖြေကြားပေးနိုင်ရန် တာချီလိတ်သတင်းအေဂျင်စီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း အတည်ပြုလူနာတွေ့ရှိမှုကို ဖြေကြားပေးနိုင်ခြင်းမရှိကြောင်း ပြန်လည်အကြောင်းပြန်ခဲ့သည်။

အဆိုပါဒေသမှာ လာအိုအစိုးရ၏တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင်မရှိဘဲ ရွှေတြိဂံအထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖေါ်ခွင့်ရထားသည့် ဟောင်ကောင်အခြေစိုက် Kings Romans Company ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိနေခြင်းဖြစ်ပြီး အဆိုပါဒေသဘက်သို့ သွားရောက်အလုပ်လုပ်ကိုင်ရသည့် မြန်မာလုပ်သားများမှာလည်း တရားမဝင်သွားရောက် အလုပ်လုပ်ကိုင်ရသူများဖြစ်ကြရာ မြန်မာရွှေ့ပြောင်းလုပ်သားများအခက်အခဲကြုံရပါက တာချီလိတ်ခရိုင်ဘက်မှ တာဝန်ရှိသူများက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တင်ပြကာ သွားရောက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း၊ လာအိုဘက်တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခြင်းများကို ယခင်က လုပ်ဆောင်ပေးခဲ့ကြဖူးသည့် ဖြစ်စဉ်များလည်း ရှိခဲ့သည်။