စားသုံးသူအကာအကွယ်ပေးရေးအဖွဲ့က ဝန်ဆောင်ခ မကောက်ရန် တားမြစ်ပိတ်ပင်လိုက်သော်လည်း အိန္ဒိယစားသောက်ဆိုင်အဖွဲ့အစည်းက ဆက်လက်ကောက်ခံသွားမည်ဟု ဆို

Photo: Getty images
Photo: Getty images
စားသုံးသူအကာအကွယ်ပေးရေးအဖွဲ့က ဝန်ဆောင်ခ မကောက်ရန် တားမြစ်ပိတ်ပင်လိုက်သော်လည်း အိန္ဒိယစားသောက်ဆိုင်အဖွဲ့အစည်းက ဆက်လက်ကောက်ခံသွားမည်ဟု ဆို
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံတွင် အစိုးရက ဝန်ဆောင်ခကောက်ခံနေခြင်းကို တားမြစ်ပိတ်ပင်လိုက်သော်လည်း အဓိက စားသောက်ဆိုင်များအဖွဲ့အစည်းက ထိုတားမြစ်ပိတ်ပင်ချက်ကို ပယ်ချလိုက်ပြီး ဝန်ဆောင်ခ ဆက်လက်ကောက်ခံသွားမည်ဟု ပြောသည်။ 

စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့က ဟိုတယ်နှင့် စားသောက်ဆိုင်များကို ဝန်ဆောင်ခကောက်ခံခြင်းမပြုရန် ဇူလိုင်လ (၅) ရက်နေ့က တားမြစ်ပိတ်ပင်လိုက်သည်။

စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့၏ စည်းမျဥ်းအသစ်အရ စားသောက်ဆိုင်များက ကျသင့်ငွေတောင်းခံလွှာတွင် ဝန်ဆောင်ခကို ပုံသေ သို့မဟုတ် အလိုအလျောက် ပေါင်းထည့်ခြင်း လုပ်ဆောင်နိုင်တော့မည် မဟုတ်ကြောင်း သိရသည်။ 

စားသုံးသူများထံမှ ဝန်ဆောင်ခ မဖြစ်မနေပေးနေရမှုအပေါ် တိုင်ကြားချက်များ မြင့်တက်လာခဲ့ပြီးနောက် အာဏာပိုင်အဖွဲ့က ထိုသို့ အမိန့်ထုတ်လိုက်ခြင်းလည်း ဖြစ်သည်။

သို့သော် National Restaurant Association of India (NRAI) က ဝန်ဆောင်ခကောက်ခံမှုကို ကာကွယ်ခဲ့ပြီး အဆိုပါကိစ္စမှာ စားသောက်ဆိုင်တစ်ဆိုင်ချင်းစီ၏ မူဝါဒဖြစ်ကြောင်းနှင့် ထိုသို့ ကောက်ခံခြင်းမှာ တရားမဝင်လုပ်ရပ်မဟုတ်ဟု ပြောခဲ့သည်။

စားသောက်ဆိုင်များက စားသုံးသူထံမှ ကျသင့်ငွေအပေါ် အခွန်အခပေးဆောင်ကြရတာကြောင့် ဝန်ဆောင်ခကောက်ခံခြင်းဖြင့် အစိုးရအတွက်လည်း ဝင်ငွေပိုတိုးလာသည်ဟု အိန္ဒိယတဝန်း စားသောက်ဆိုင်ပေါင်း ၅၀၀,၀၀၀ ကျော်ကို ကိုယ်စားပြုသည့် NRAI က ဆိုသည်။

စားသောက်ဆိုင်များဘက်က ထောက်ပြမှုအရ ယေဘုယျအားဖြင့် စားသုံးသူက ဘောက်ဆူးငွေပေးပါက စားပွဲထိုးဝန်ဆောင်မှုပေးသည့် ဆိုင်ဝန်ထမ်းက ရရှိကြောင်းနှင့် ကျသင့်ငွေတောင်းခံလွှာတွင် ပေါင်းထည့်ထားသော ဝန်ဆောင်ခကိုမူ စားသောက်ဆိုင်ပိုင်ရှင်များက ရရှိခြင်းဖြစ်ပြီး ထိုငွေကို စားဖိုမှူးများ၊ အစောင့်များ၊ သန့်ရှင်ရေးများနှင့် ပန်းကန်ဆေးသူများကဲ့သို့ နောက်ကွယ်မှ အလုပ်လုပ်နေသည့် ဝန်ထမ်းများအားလုံးကြား ခွဲဝေပေးသည်ဟု ဆိုသည်။

အိန္ဒိယစားသောက်ဆိုင်များက အစားအသောက်အတွက် ကျသင့်ငွေတောင်းခံလွှာတွင် ဝန်ဆောင်မှုခအဖြစ် (၅) ရာခိုင်နှုန်းမှ (၁၅) ရာခိုင်နှုန်း ပေါင်းထည့်ထားလေ့ရှိကြသည်။

စားသောက်ဆိုင်များတွင် အပိုငွေပေးနေရခြင်းအပေါ် အိန္ဒိယ၌ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း မနှစ်မြို့စရာအဖြစ် ရှုမြင်လာခဲ့ကြပြီး စားသုံးသူများက ထိုအပိုငွေနှင့်ပတ်သက်၍ ၎င်းတို့ကို အသိပေးထားခြင်းမရှိဟု ပြောဆိုကြသည်။

၂၀၁၇ ခုနှစ်တွင် အစိုးရ၏ စားသုံးသူရေးရာဌာနက စားသုံးသူများအနေဖြင့် စားသောက်ဖွယ်စာရင်းတွင် ဖော်ပြထားသော ဈေးနှုန်းအတိုင်းကိုသာ အစိုးရအခွန်နှင့်အတူ ပေးရမည်ဟု လမ်းညွှန်ချက်ထုတ်ခဲ့သည်။ ကြိုတင်အသိပေးထားခြင်းမရှိသော ဘောက်ဆူးငွေ သို့မဟုတ် အပိုငွေကို ပေးခြင်း မပေးခြင်းနှင့် ပတ်သက်၍ စားသုံးသူများက ၎င်းတို့၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်ဖြင့် လုပ်ဆောင်နိုင်ကြောင်း စားသုံးသူရေးရာဌာနက ဆိုသည်။

ဘောက်ဆူးငွေ သို့မဟုတ် အပိုငွေအစား စားသောက်ဆိုင်များအနေဖြင့် ဝန်ထမ်းများကို သင့်တင့်မျှတသည့် လုပ်ခလစာပေးခြင်းနှင့် ကုန်ကျစရိတ်နှင့်အညီ အစားအသောက်ဈေးနှုန်းများ တိုးမြှင့်သတ်မှတ်ခြင်းတို့ ဆောင်ရွက်ကြရန် စားသုံးသူရေးရာဌာနက ၂၀၁၇ ခုနှစ်ကတည်းက တိုက်တွန်းခဲ့သည်။ 

စားသုံးသူအကာအကွယ်ပေးရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်လိုက်သည့် စည်းမျဥ်းအသစ်အရ ဝန်ဆောင်ခကောက်ခံမှုကို မကျေနပ်သည့် စားသုံးသူများအနေဖြင့် အွန်လိုင်းမှတစ်ဆင့် သို့မဟုတ် National Consumer Helpline သို့ တိုင်ကြားနိုင်ကြောင်း သိရသည်။

Source: BBC