အသည်းကင်ဆာကြောင့် သေဆုံးမှုများ ၂၀၄၀ ခုနှစ်တွင် (၅၅) ရာခိုင်နှုန်းကျော် တိုးလာနိုင်

အသည်းကင်ဆာကြောင့် သေဆုံးမှုများ ၂၀၄၀ ခုနှစ်တွင် (၅၅) ရာခိုင်နှုန်းကျော် တိုးလာနိုင်
By Mr John

ကာကွယ်နိုင်သောရောဂါများ တိုက်ဖျက်ရေး ပိုမိုလုပ်ဆောင်ခြင်း မရှိပါက ၂၀၄၀ ခုနှစ်တွင် အသည်းကင်ဆာဖြစ်သူ သို့မဟုတ် အသည်းကင်ဆာကြောင့် သေဆုံးသူမှာ ကမ္ဘာတဝန်း (၅၅) ရာခိုင်နှုန်းကျော် မြင့်တက်လာမည်ဟု သုတေသီများက အောက်တိုဘာလ (၆) ရက်နေ့တွင် ပြောသည်။ 

၂၀၂၀ ခုနှစ်အတွင်း ကမ္ဘာတဝန်းတွင် အသည်းကင်ဆာဖြစ်သူ (၉၀၅,၇၀၀) ခန့် စစ်ဆေးတွေ့ရှိခဲ့ရပြီး ထိုရောဂါကြောင့် လူပေါင်း (၈၃၀,၂၀၀) ဦး သေဆုံးခဲ့ကြောင်း နိုင်ငံတကာ ကင်ဆာသုတေသနအဖွဲ့အစည်း International Agency for Research on Cancer (IARC) ထံမှ လေ့လာဆန်းစစ်မှုအသစ်အရ သိရှိရသည်။

IARC မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) ၏ အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့တွင် အခြေစိုက်သည်။ 

လက်ရှိနှုန်းအရ တွက်ချက်မည်ဆိုလျှင် ၂၀၄၀ ခုနှစ်တွင် လူဦးရေ (၁.၄) သန်းမှာ အသည်းကင်ဆာဖြစ်ပြီး (၁.၃) သန်း ထိုရောဂါဖြင့် သေဆုံးလိမ့်မည်ဟု IARC လေ့လာဆန်းစစ်မှုက ခန့်မှန်းထားသည်။

ကြိုတင်ကာကွယ်ခြင်းဖြင့် အသည်းကင်ဆာဖြစ်ပွားမှုကို သိသိသာသာ ကျဆင်းသွားစေရန် မလုပ်ဆောင်ပါက လေ့လာဆန်းစစ်မှုအရ တစ်နှစ်လျှင် အသည်းကင်ဆာဖြစ်သူ သို့မဟုတ် အသည်းကင်ဆာကြောင့် သေဆုံးသူ (၅)သိန်း တိုးလာမည်ဟု IARC မှ ရောဂါဖြစ်ပွားမှုနှင့်ကာကွယ်မှုဆိုင်ရာ ပညာရှင် Harriet Rumgay က ပြောသည်။ 

၎င်းက အသည်းကင်ဆာနှင့် ပတ်သက်သည့် လေ့လာဆန်းစစ်မှုကို ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။

IARC ၏ လေ့လာမှုအရ အသည်းကင်ဆာမှာ နိုင်ငံ (၄၆) ခုတွင် သေဆုံးမှု အများဆုံးဖြစ်စေသည့် ကင်ဆာရောဂါ (၃) မျိုးတွင် ပါဝင်နေသည်။ 

ထို့အပြင် နိုင်ငံပေါင်း (၁၀၀) တွင် သေဆုံးမှု အများဆုံးဖြစ်စေသည့် ကင်ဆာရောဂါ (၅) မျိုးတွင်လည်း အသည်းကင်ဆာက ပါဝင်နေကြောင်း သိရသည်။ 

အသည်းကင်ဆာ ဖြစ်ပွားမှုနှင့် သေဆုံးမှုတို့မှာ အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် မြောက်အာဖရိကတွင် အမြင့်ဆုံးဖြစ်သည်။

"အသည်းကင်ဆာက ကမ္ဘာတဝန်းမှာ နှစ်စဥ် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုး ဖြစ်စေတဲ့ရောဂါ ဖြစ်ပါတယ်။ အသည်းရောင်ရောဂါ ဘီပိုး (hepatitis B virus)၊ အသည်းရောင်ရောဂါ စီပိုး (hepatitis C virus)၊ အရက်သောက်မှု၊ ကိုယ်အလေးချိန် ပိုများနေမှုနဲ့ ဆီးချိုအမျိုးအစား (၂) ကဲ့သို့ အဓိက အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းတွေကို ထိန်းချုပ်ရေး ဦးစားပေးလုပ်ဆောင်မယ်ဆိုရင် အသည်းကင်ဆာကို အများကြီး ကာကွယ်နိုင်ပါတယ်" ဟု လေ့လာဆန်းစစ်မှုတွင် ပါဝင်ခဲ့သူ Isabelle Soerjomataram က ပြောသည်။

အသည်းကင်ဆာနှင့် ပတ်သက်၍ ၂၀၄၀ ခုနှစ်အတွက် ခန့်မှန်းချက်မှာ COVID-19 ကပ်ရောဂါကြောင့် လုပ်ငန်းအဆက်ပြတ်ခဲ့ရပြီးနောက် အသည်းရောရောဂါ ဘီပိုးနှင့် စီပိုး တိုက်ဖျက်‌ရေးတွင် တိုးတက်မှုလိုအပ်ကြောင်း ပုံဖော်ပြသခြင်းဖြစ်သည်ဟု သုတေသီများက ဆိုသည်။ 

ကာကွယ်ဆေးထိုးခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းတို့ကို ပိုမိုလုပ်ဆောင်ကြရန်လည်း သုတေသီများက တိုက်တွန်းကြသည်။

အရက်သောက်သုံးမှု လျှော့ချရေးနှင့် ဆီးချိုရောဂါဖြစ်ပွားမှုနှင့် အဝလွန်မှု လျှော့ချရေး အစီအမံများ လုပ်ဆောင်ကြရန်လည်း IARC မှ Harriet Rumgay က တိုက်တွန်းသည်။ 

IARC ၏ နောက်ထပ် လေ့လာမှုတစ်ခုအရ အရက်သောက်မှု လျှော့ချခြင်းဖြင့် အသည်းကင်ဆာဖြစ်ပွားမှုများ၏ (၁၇) ရာခိုင်နှုန်းကို ရှောင်ရှားနိုင်ကြောင်းလည်း သိရသည်။ 

.IARC က နိုင်ငံပေါင်း (၁၈၅) တွင် တွေ့ရှိရသည့် ကင်ဆာရောဂါ (၃၆) မျိုးနှင့် ပတ်သက်၍ ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို မှတ်တမ်းပြုစုထားသည့် GLOBOCAN 2020 အချက်အလက်များကို အခြေခံပြီး ၎င်းတို့၏ လေ့လာဆန်းစစ်မှုကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

Source: AFP