ဘင်္ဂလားဒေ့ရှ်တွင် ကွန်တိန်နာဝင်းအတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၄၉) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ

ဘင်္ဂလားဒေ့ရှ်တွင် ကွန်တိန်နာဝင်းအတွင်း မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ (၄၉) ဦး သေဆုံးပြီး ရာနှင့်ချီ ဒဏ်ရာရ
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီးရှိ ကွန်တိန်နာဝင်းတစ်ခုအတွင်း မီးလောင်မှုနှင့် ကြီးမားသည့်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ဇွန်လ (၅) ရက် ညပိုင်းအထိ စာရင်းများအရ အနည်းဆုံး လူ (၄၉) ဦး‌ သေဆုံးပြီး လူဦးရေ ရာနှင့်ချီ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကွန်တိန်နာများ ပေါက်ကွဲခဲ့စဥ် မီးငြှိမ်းသတ်ရန် လူအင်အား ရာနှင့်ချီပြီး ထိုနေရာတွင် ရောက်ရှိနေခဲ့ကြောင်းနှင့် ကွန်တိန်နာအချို့တွင် ဓာတုဗေဒပစ္စည်းများ ထည့်သွင်းသိုလှောင်ထားကြောင်း ယူဆရသည်။

ကွန်တိန်နာဝင်းတွင် မီးလောင်မှုနှင့် ပေါက်ကွဲမှုအတွင်း ဒဏ်ရာရခဲ့သူ အများအပြားမှာ စိုးရိမ်ရသည့်အခြေအနေဖြစ်ရာ သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ကြောင်း မှန်းဆထားကြသည်။

ယခုဖြစ်ရပ် ဖြစ်ပွားခဲ့သည့် ဧရိယာအတွင်းရှိ ဆေးရုံများတွင် လူနာများနှင့် မနိုင်မနင်းဖြစ်နေခဲ့ပြီး လျှောက်လမ်းနေရာများတွင် ဆေးကုသမှုခံယူရန် စောင့်ဆိုင်းနေခဲ့ကြသည်။

ဆရာဝန်များက သွေးလှူဒါန်းကြရန် ပန်ကြားထားပြီး ဒဏ်ရာရသူအချို့ကို ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမြို့သို့ လေကြောင်းမှတစ်ဆင့် ပို့ဆောင်ခဲ့ကြောင်းလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဆိပ်ကမ်းမြို့ စစ်တကောင်းမှ (၂၅) မိုင်အကွာ Sitakunda မြို့ရှိ ကွန်တိန်နာဝင်းတွင် ဇွန်လ (၄) ရက် ဒေသစံတော်ချိန် ည (၉) နာရီဝန်းကျင်က မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ရာနှင့်ချီသည့် မီးသတ်သမားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း ပရဟိတသမားများက မီးငြှိမ်းသတ်ရန် အလျင်အမြန် ရောက်ရှိလာခဲ့ကြသည်။

၎င်းတို့က မီးငြှိမ်းသတ်ရန် ကြိုးပမ်းနေကြစဥ် ကြီးမားသည့် ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အများအပြား မီးလောင်ခံခဲ့ရပြီး အပျက်အစီးများနှင့် လူများ လေထဲသို့ လွင့်ထွက်သွားခဲ့သည်ဟု ဆိုသည်။

"ပေါက်ကွဲမှုကြောင့် ကျွန်တော်ရှိနေခဲ့တဲ့ နေရာကနေ ပေ (၃၀) ကျော်လောက်ကို လွင့်ထွက်သွားခဲ့တယ်။ ကျွန်တော် လက်နဲ့ ခြေထောက်တွေ မီးလောင်သွားခဲ့တယ်" ဟု ကုန်တင်ယာဥ်မောင်း Tofael Ahmed က AFP သတင်းဌာနကို ပြောခဲ့သည်။

မီးလောင်မှုဖြစ်ပွားသည့်နေရာတွင် ဇွန်လ (၅) ရက် ညနေပိုင်းအထိ ရှာဖွေကယ်ဆယ်ရေးနှင့် ရှင်းလင်းရေးလုပ်ငန်း လုပ်ဆောင်နေကြဆဲဖြစ်သည်။

ဓာတုဗေဒပစ္စည်းများ ထည့်သွင်းသိုလှောင်ထားသည့် ကွန်တိန်နာများမှာ ဇွန်လ (၅) ရက်နေ့အထိ ပေါက်ကွဲနေဆဲ ဖြစ်ခဲ့သည်။

ကွန်တိန်နာဝင်းတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် ထိုနေရာတဝိုက် တုန်ခါသွားခဲ့ပြီး အနီးအနားရှိ အဆောက်အအုံများတွင် ပြတင်းပေါက်မှန်များ အက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ (၅) ရက် ညပိုင်းအထိ စာရင်းများအရ ပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူတွေအနက် မီးသတ်သမား အနည်းဆုံး (၅) ဦး ပါဝင်ခဲ့ကြောင်းနှင့် မီးသတ်နှင့် ရဲတပ်ဖွဲ့ဝင် (၅၀) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ကွန်တိန်နာဝင်းတွင် မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်း အတိအကျ မသိရသေးဟု ဆိုသော်လည်း မီးသတ်ဌာန တာဝန်ရှိသူများကမူ ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (hydrogen peroxide) ထည့်သွင်သိုလှောင်ထားသည့် ကွန်တိန်နာတစ်လုံးတွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက် အခြား ကွန်တိန်နာများကို လျင်မြန်စွာ ကူးစက်သွားခဲ့ခြင်ဖြစ်ကြောင်း သံသယရှိကြသည်။

မီးလောင်မှုနှင့် ပေါက်ကွဲမှုကြီး ဖြစ်ပွားခဲ့သည့် Sitakunda ကွန်တိန်နာဝင်းတွင် ကွန်တိန်နာ အလုံးရေ (၄,၀၀၀) ဝန်းကျင် သိုလှောင်ထားရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် စည်းမျဥ်းစည်းကမ်း လျော့ရဲမှုနှင့် စည်းမျဥ်းစည်းကမ်းလိုက်နာစေရန် ဆောင်ရွက်မှုအားနည်းခြင်းတို့ကြောင့် မကြာသေးမီ နှစ်များအတွင်း လူရာနှင့်ချီ သေဆုံးခဲ့သည့် ကြီးမားသော မီးလောင်မှုများ ဖြစ်ပွားခဲ့သည်။

၂၀၂၀ ခုနှစ်အတွင်း စစ်တကောင်းမြို့ Patenga ဧရိယာရှိ ကွန်တိန်နာဝင်းတစ်ခုတွင် လောင်စာဆီ သိုလှောင်ကန်တစ်ခု ပေါက်ကွဲမှုဖြစ်ပြီး လူ (၃) ဦး သေဆုံးခဲ့သလို ၂၀၂၁ ခုနှစ် ဇူလိုင်လအတွင်းကလည်း ဒါကာမြို့တော်ရှိ အစားအစာ ပြင်ဆင်ထုတ်လုပ်သည့်စက်ရုံတစ်ရုံတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ (၅၄) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် ၂၀၂၀ ခုနှစ်အတွင်း ဒါကာမြို့ရှိ ရာစုနှစ်များကြာ သက်တမ်းရှိသည့် ရပ်ကွက်တစ်ခုအတွင်း အဆောက်အအုံများ မီးလောင်ခဲ့မှုကြောင့် အနည်းဆုံး လူ (၇၀) ဦး သေဆုံးခဲ့သည်။

Source: BBC, Reuters, CNN

Photo: GETTY IMAGES, Al Mahmud BS/Handout,